Sunday, June 10, 2012

Myanmar declares emergency in Rakine state


ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားခဲ့ရာ ဆူပူအကြမ်းဖက်မှုတွေ ဆက်လက် မဖြစ်ပွားအောင် တားဆီးတဲ့အနေနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၁၀ ရက်နေ့ည ရုပ်မြင်သံကြားက တဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ ဒီမိန့်ဟာ ဒီကနေ့ကစလို့ နောက်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမချင်း အတည်ဖြစ်မှာပါ။

သမ္မတက ထုတ်ပြန်ထားတဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထဲမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားတဲ့ အခြေ အနေများဖြစ်ပေါ်မှုကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပေမဲ့လဲ ဆူပူအကြမ်းဖက်မှုများ ပိုမိုများပြားကျယ်ပြန့်လာလို့ ပြည်သူများရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးနိုင်စေရန်အတွက် အရေးပေါ် အခြေအနေ ကြေညာရတာ ဖြစ်တယ်လို့ ရေးသား ဖော်ပြထားပါတယ်။


၉ မိနစ်ကြာတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်ကလဲ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ နိုးဆော်ထားပါတယ်။

ဒီမနက်မှာပဲ သက်ဆိုင်ရာက ရခိုင်ပြည်နယ် စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တွေမှာ ပုဒ်မ ၁၄၄ ကာဖျူးထုတ်ပြန်ခဲ့ပြီး ပါပြီ။ စောစောပိုင်းကလည်း အခင်းစဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

ပုဒ်မ ၁၄၄ ရဲ့ ဖွင့်ဆိုချက် မှာတော့ ည ၆ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအထိ အိမ်အပြင် မထွက်ရဘူး၊ လူ ၅ ယောက်ထက်ပို မစုဝေးရဘူးလို့ ဆိုပါတယ်။


အစိုးရ သတင်းစာတွေရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာ သောကြာနေ့ မောင်တောမြို့မှာ စတင်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် သေဆုံး ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၇ ဦး ရှိပြီး အိမ်ခြေပေါင်း ၄၉၄ လုံး မီးရှို့ဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။

 Ref : AFP, AP, President office website

Saturday, June 9, 2012

Myanmar beefs up security amid sectarian clashes


မြန်မာနိုင်ငံ အနောက်ပိုင်းဒေသ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဗုဒ္ဓဘာသာဝင်များနဲ့ မူဆလင်အကြား ဘာသာရေး အထိကရုဏ်းကို ဖြိုခွဲဖို့ လုံခြုံရေးအင်အားတွေ ဒီကနေ့ ထပ်မံရောက်ရှိလာတယ်လို့ အစိုးရပိုင် သတင်းမီဒီယာက ဖော်ပြထားပါတယ်။

ရဲနဲ့ စစ်ဘက် အင်အားတွေက ရခိုင်ပြည်နယ်မှာ လုံခြုံရေးချထားပြီး ဒီကနေ့ မနက်ကစ တည်ငြိမ်မှုတွေ ပြန်လည် ရရှိထားပြီးဖြစ်တယ်လို့ မြန်မာရုပ်မြင်သံကြားဌာနက ကြေညာလိုက်တာပါ။ ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ လူ ၅ ဦးအထက် စုဝေးခွင့်မရှိသလို ညနေ ၆ နာရီမှ နောက်တနေ့မနက် ၆ နာရီအထိ ညမထွက်ရလို့ တားမြစ်ထားပါတယ်။

မနေ့က ဖြစ်ပွားတဲ့ ဆူပူမှုကြောင့် မောင်တောမြို့မှာ ရာနဲ့ချီတဲ့ အိမ်တွေ မီးရှို့ခံရပြီး ဒေသခံတွေက ယာယီခိုလှုံစခန်းတွေဆီ ထွက်ပြေးသွားရတယ်လို့ အရာရှိတစ်ဦးက ပြောပါတယ်။ ၂ ရက်ကြာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုအတွင်း လူ ၇ ဦးသေဆုံး ၁၇ ဦး ဒဏ်ရာရရှိပြီး အိမ်ခြေ ၅၀၀ လောက် မီးလောင် ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကုတ်မြို့မှာ အဝေးပြေး ဘတ်စ်ကားပေါ်က မူဆလင် ၁၀ ဦး ဒေသခံ လူအုပ်ကြီးရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် ဘာသာရေး တင်းမာမှု အရှိန်ပိုမြင့်လာတာ ဖြစ်ပါတယ်။ ဒီမူဆလင်လူမျိုးတွေက ခရိုင်အမျိုးသမီးတစ်ဦး မတရားကျင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်နေတယ်လို့ ထင်မှားခံရတာ ဖြစ်ပါတယ်။

Ref : AFP, AP

Friday, June 8, 2012

Myanmar police 'open fire' amid religious unrest


ရခိုင်ပြည်နယ်မှာ ရဲဘက်က သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက်ပြီး ဘာသာရေး တင်းမာမှုအခြေအနေကို ဖြိုခွဲခဲ့တယ်လို့ အစိုးရအရာရှိ တစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှုက ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားခဲ့တယ်။ အသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က တောင်ကုတ်မြို့မှာ မူဆလင်လူမျိုး ၁၀ ဦးအသတ်ခံရပြီးနောက် ဘာသာရေး တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။ ရခိုင်ဒေသခံတွေက မေ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်အမျိုးသမီး ၁ ဦးကို မူဆလင် အမျိုးသား ၃ ဦးက မတရားကျင့် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ လူအုပ်ကြီးက အဝေးပြေး ဘတ်စ်ကားပေါ်မှာ သံသယဝင်စရာလူတွေ ပါတယ်ဆိုပြီး ဝိုင်းဝန်းကာ ရိုက်ပုတ်ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး အကြံပေးအရာရှိ ၁ ဦးက ဗလီက ဝတ်ပြုပြန်လာတဲ့ မူဆလင် ၃၀၀ လောက်က အစိုးရရုံးကို ခဲနဲ့ပစ်ပေါက်ခဲ့လို့ ရဲတွေကို ဒီကနေ့မှာ လုံခြုံရေးချထားတာဖြစ်တယ်။ အခုလက်ရှိ အခြေအနေကို ထိန်းချုပ်နိုင်လိုက်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

Ref : AFP

Myanmar army's parliamentary role may be reduced: official


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအရာရှိချုပ် ဦးကိုကိုလှိုင်က စင်ကာပူမှာ ကျင်းပတဲ့ ညီလာခံကို တက်ရောက်စဉ် အနာဂတ်မှာ စစ်ဘက် လွှတ်တော်ကိုယ်စားလှယ်ကို လျှော့ချမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဦးကိုကိုလှိုင်က လွှတ်တော်အတွင်း စစ်ဘက်ရဲ့ ကိုယ်စားပြုမှုကို တဖြည်းဖြည်း ပြောင်းလဲသွားမှာ ဖြစ်တယ်။ အချိန်ပေးဖို့ လိုအပ်ပြီး နိုင်ငံရေးပါတီများနဲ့ စစ်ဘက်၊ ပြည်သူလူထုနဲ့ စစ်တပ် ဆက်ဆံရေး သဟဇာတဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးလှမင်းက ပြီးခဲ့တဲ့အပတ် စင်ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ဖော်ရမ်တစ်ရပ်မှာ သင့်တော်တဲ့ အချိန်မှာ စစ်ဘက် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျှော့ချသွားမယ်လို့ ပြောခဲ့ပါတယ်။ 

Ref : AFP

Saturday, June 2, 2012

Suu Kyi says Myanmar refugees won't be forgotten



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုအနက် အကြီးမားဆုံးဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး သူတို့ကို မေ့မထားကြောင်း ပြောလိုက်ပါတယ်။ ဒါဟာလဲ မြန်မာနိုင်ငံက အထင်ကရပုဂ္ဂိုလ်တစ်ဦး ပထမဦးဆုံး ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်စခန်းကို သွားရောက်ခြင်း ဖြစ်ပါတယ်။

ဒေါ်စုကို သောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့ လူအုပ်ထဲမှာ တချို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ ဒေါ်စုရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ထားပြီး တချို့က မြန်မာနိုင်ငံအလံနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံများကို ဝှေ့ယမ်းလို့နေပါတယ်။ ဒေါ်စုက ဒုက္ခသည်စခန်းက ကိုယ်စားလှယ်တွေနဲ့ မိနစ် ၉၀ ကြာတွေ့ဆုံပြီးနောက် ဒုက္ခသည်များ ဌာနေပြန်နိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းအရ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည် ၁၄ သောင်းလောက်ရှိပြီး မယ်လစခန်းမှာတင် ၅ သောင်းနီးပါးရှိကာ မလေးရှား၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီ ထွက်ပြေးသွားသူတွေပါပေါင်းရင် မြန်မာဒုက္ခသည် စုစုပေါင်း ၄၂ သောင်းနီးပါးရှိတယ်လို့ သိရပါတယ်။ 


Ref : AP, AFP

Friday, June 1, 2012

Suu Kyi demands 'urgent' legal reform in Myanmar


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လတ်တလော နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေ တည်တံ့ခိုင်မြဲစေအောင် တရားရေးပြုပြင်ပြောင်းလဲမှုကို အမြန်ဆုံး ဆောင်ရွက်ဖို့ မြန်မာအစိုးရကို နိုးဆော်လိုက်ပါတယ်။

ဒေါ်စုက ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်လာတဲ့ စီးပွားရေး ခေါင်းဆောင်များကို ဟောပြောစဉ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တရားဥပဒေအရ အကာအကွယ်ပေးတာထက် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးကို ပိုမိုလိုအပ်နေတယ်လို့ ပြောပါတယ်။ ဒါဟာလဲ ၂၄ နှစ်ကြာပြီးနောက် ဒေါ်စုက နိုင်ငံတကာ ဇာတ်ခုံမှာ ပထမဦးဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ဟောပြောတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမဲ့သူတွေက သတိရှိဖို့လိုတယ်။ အကယ်လို့ သီးခြားလွတ်လပ်ပြီး အဂတိကင်းတဲ့ တရားရေးစနစ် မရှိရင် အကောင်းဆုံးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေကို တရားမျှမျှတတ ကျင့်သုံးနိုင်မှာမဟုတ်ဘူးလို့ ဒေါ်စုက ဆိုပါတယ်။

Ref : AFP

Tuesday, May 29, 2012

On Thailand trip, Suu Kyi visits Myanmar migrants


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၃၀ ရက်နေ့မှာ ဘန်ကောက်မြို့ အနောက်တောင်ဘက် မြန်မာနိုင်ငံသား ပြောင်းရွှေ့ အလုပ်သမား အများစုနေထိုင်ရာ မဟာချိုင်ကို သွားရောက်ပြီး သူတို့ရဲ့ အခြေအနေကို ကြည့်ရှု လေ့လာခဲ့ပါတယ်။

လက်ထဲမှာ ‘အမေ့ရင်ခွင်မှာ ခိုလုံချင်လှပြီ’၊ ‘အမေ သားတို့ အိမ်ပြန်ချင်လှပြီ’ လို့ရေးထားတဲ့ ပိုစတာတွေကိုင်ပြီး ရွှင်မြူးတက်ကြွနေတဲ့ လူအုပ်ကြီးကို ဒေါ်စုက ‘ကျမတို့က မျက်နှာငယ်စရာ အားမငယ်စရာမလိုဘူး။ အခြေအနေက အမြဲတမ်း ပြောင်းလဲနေတာပဲ။ ’ လို့ အားပေးစကား ပြောကြားပါတယ်။

ဒေါ်စုကလဲ ‘ဒီနေ့ ကျမ ကတိတစ်ခု ပေးမယ်။ ဒါကတော့ ကျမ အတတ်နိုင်ဆုံး ကြိုးစားသွားမယ် ဆိုတာပါ။’ လို့ လမ်းကျဉ်းလေးထဲ ပြည့်သိပ်ရောက်ရှိနေတဲ့ ထောင်နဲ့ချီ လူအုပ်ကြီးကို ပြောလိုက်ပါတယ်။ အခုတခေါက် ခရီးစဉ်ဟာလဲ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များကို ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ လာကြည့်တာပါလို့လဲ ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂ သန်းခွဲလောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒီအထဲ တရားမဝင်သွားရောက် နေထိုင် လုပ်ကိုင်ကြသူတွေလည်း မနည်းပါဘူး။ ဒီလိုလူတွေက များသောအားဖြင့် လုပ်အားခ နှိမ်ခံရတာမျိုး တွေရှိပြီး ဒီဒုက္ခတွေကို ကိုယ်တိုင်ဖော်ထုတ် ဖွင့်ဟ နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် ဒေါ်စု သူတို့ကို သွားကြည့်တာဟာ သူတို့အဖို့ ကယ်တင်ရှင်ကြီး ရောက်လာသလို ခံစားကြရမယ်လို့ ထင်ကြောင်း ပြောင်းရွှေ့အလုပ်သမားရေးရာ ပညာရှင်တစ်ဦးက ပြောပါတယ်။

စည်သွပ်ဗူးစက်ရုံမှာ လုပ်ကိုင်တဲ့ ၂၆ နှစ်အရွယ် မြန်မာအလုပ်သမ တစ်ဦးက မြန်မာနိုင်ငံ မွန်ပြည်နယ်မှ ထိုင်းနိုင်ငံကို ရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ သူက ‘ကျမတို့ မိဘတွေကို ချန်ခဲ့ရတယ်။ ဟိုက မိဘတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကျမတို့ မောင်နှမတွေအားလုံး ဒီမှာ အလုပ်လုပ်ကြတယ်။ ဒေါ်စုက မြန်မာနိုင်ငံတိုးတက်လာအောင် လုပ်ဆောင်ပေးမယ်လို့ ကျမမျှော်လင့်တယ်။ ဒါမှလဲ ဟိုမှာ အလုပ်တွေ ရှိရင် ကျမတို့ ဌာနေကို အမြန်ပြန်နိုင်မှာပါ။’ လို့ ပြောပါတယ်။ 

Ref : AP