Sunday, June 10, 2012

Myanmar declares emergency in Rakine state


ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားခဲ့ရာ ဆူပူအကြမ်းဖက်မှုတွေ ဆက်လက် မဖြစ်ပွားအောင် တားဆီးတဲ့အနေနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၁၀ ရက်နေ့ည ရုပ်မြင်သံကြားက တဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ ဒီမိန့်ဟာ ဒီကနေ့ကစလို့ နောက်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမချင်း အတည်ဖြစ်မှာပါ။

သမ္မတက ထုတ်ပြန်ထားတဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထဲမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားတဲ့ အခြေ အနေများဖြစ်ပေါ်မှုကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပေမဲ့လဲ ဆူပူအကြမ်းဖက်မှုများ ပိုမိုများပြားကျယ်ပြန့်လာလို့ ပြည်သူများရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးနိုင်စေရန်အတွက် အရေးပေါ် အခြေအနေ ကြေညာရတာ ဖြစ်တယ်လို့ ရေးသား ဖော်ပြထားပါတယ်။


၉ မိနစ်ကြာတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်ကလဲ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ နိုးဆော်ထားပါတယ်။

ဒီမနက်မှာပဲ သက်ဆိုင်ရာက ရခိုင်ပြည်နယ် စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တွေမှာ ပုဒ်မ ၁၄၄ ကာဖျူးထုတ်ပြန်ခဲ့ပြီး ပါပြီ။ စောစောပိုင်းကလည်း အခင်းစဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

ပုဒ်မ ၁၄၄ ရဲ့ ဖွင့်ဆိုချက် မှာတော့ ည ၆ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအထိ အိမ်အပြင် မထွက်ရဘူး၊ လူ ၅ ယောက်ထက်ပို မစုဝေးရဘူးလို့ ဆိုပါတယ်။


အစိုးရ သတင်းစာတွေရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာ သောကြာနေ့ မောင်တောမြို့မှာ စတင်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် သေဆုံး ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၇ ဦး ရှိပြီး အိမ်ခြေပေါင်း ၄၉၄ လုံး မီးရှို့ဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။

 Ref : AFP, AP, President office website

Saturday, June 9, 2012

Myanmar beefs up security amid sectarian clashes


မြန်မာနိုင်ငံ အနောက်ပိုင်းဒေသ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဗုဒ္ဓဘာသာဝင်များနဲ့ မူဆလင်အကြား ဘာသာရေး အထိကရုဏ်းကို ဖြိုခွဲဖို့ လုံခြုံရေးအင်အားတွေ ဒီကနေ့ ထပ်မံရောက်ရှိလာတယ်လို့ အစိုးရပိုင် သတင်းမီဒီယာက ဖော်ပြထားပါတယ်။

ရဲနဲ့ စစ်ဘက် အင်အားတွေက ရခိုင်ပြည်နယ်မှာ လုံခြုံရေးချထားပြီး ဒီကနေ့ မနက်ကစ တည်ငြိမ်မှုတွေ ပြန်လည် ရရှိထားပြီးဖြစ်တယ်လို့ မြန်မာရုပ်မြင်သံကြားဌာနက ကြေညာလိုက်တာပါ။ ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ လူ ၅ ဦးအထက် စုဝေးခွင့်မရှိသလို ညနေ ၆ နာရီမှ နောက်တနေ့မနက် ၆ နာရီအထိ ညမထွက်ရလို့ တားမြစ်ထားပါတယ်။

မနေ့က ဖြစ်ပွားတဲ့ ဆူပူမှုကြောင့် မောင်တောမြို့မှာ ရာနဲ့ချီတဲ့ အိမ်တွေ မီးရှို့ခံရပြီး ဒေသခံတွေက ယာယီခိုလှုံစခန်းတွေဆီ ထွက်ပြေးသွားရတယ်လို့ အရာရှိတစ်ဦးက ပြောပါတယ်။ ၂ ရက်ကြာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုအတွင်း လူ ၇ ဦးသေဆုံး ၁၇ ဦး ဒဏ်ရာရရှိပြီး အိမ်ခြေ ၅၀၀ လောက် မီးလောင် ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကုတ်မြို့မှာ အဝေးပြေး ဘတ်စ်ကားပေါ်က မူဆလင် ၁၀ ဦး ဒေသခံ လူအုပ်ကြီးရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် ဘာသာရေး တင်းမာမှု အရှိန်ပိုမြင့်လာတာ ဖြစ်ပါတယ်။ ဒီမူဆလင်လူမျိုးတွေက ခရိုင်အမျိုးသမီးတစ်ဦး မတရားကျင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်နေတယ်လို့ ထင်မှားခံရတာ ဖြစ်ပါတယ်။

Ref : AFP, AP

Friday, June 8, 2012

Myanmar police 'open fire' amid religious unrest


ရခိုင်ပြည်နယ်မှာ ရဲဘက်က သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက်ပြီး ဘာသာရေး တင်းမာမှုအခြေအနေကို ဖြိုခွဲခဲ့တယ်လို့ အစိုးရအရာရှိ တစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှုက ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားခဲ့တယ်။ အသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က တောင်ကုတ်မြို့မှာ မူဆလင်လူမျိုး ၁၀ ဦးအသတ်ခံရပြီးနောက် ဘာသာရေး တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။ ရခိုင်ဒေသခံတွေက မေ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်အမျိုးသမီး ၁ ဦးကို မူဆလင် အမျိုးသား ၃ ဦးက မတရားကျင့် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ လူအုပ်ကြီးက အဝေးပြေး ဘတ်စ်ကားပေါ်မှာ သံသယဝင်စရာလူတွေ ပါတယ်ဆိုပြီး ဝိုင်းဝန်းကာ ရိုက်ပုတ်ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး အကြံပေးအရာရှိ ၁ ဦးက ဗလီက ဝတ်ပြုပြန်လာတဲ့ မူဆလင် ၃၀၀ လောက်က အစိုးရရုံးကို ခဲနဲ့ပစ်ပေါက်ခဲ့လို့ ရဲတွေကို ဒီကနေ့မှာ လုံခြုံရေးချထားတာဖြစ်တယ်။ အခုလက်ရှိ အခြေအနေကို ထိန်းချုပ်နိုင်လိုက်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

Ref : AFP

Myanmar army's parliamentary role may be reduced: official


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအရာရှိချုပ် ဦးကိုကိုလှိုင်က စင်ကာပူမှာ ကျင်းပတဲ့ ညီလာခံကို တက်ရောက်စဉ် အနာဂတ်မှာ စစ်ဘက် လွှတ်တော်ကိုယ်စားလှယ်ကို လျှော့ချမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဦးကိုကိုလှိုင်က လွှတ်တော်အတွင်း စစ်ဘက်ရဲ့ ကိုယ်စားပြုမှုကို တဖြည်းဖြည်း ပြောင်းလဲသွားမှာ ဖြစ်တယ်။ အချိန်ပေးဖို့ လိုအပ်ပြီး နိုင်ငံရေးပါတီများနဲ့ စစ်ဘက်၊ ပြည်သူလူထုနဲ့ စစ်တပ် ဆက်ဆံရေး သဟဇာတဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးလှမင်းက ပြီးခဲ့တဲ့အပတ် စင်ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ဖော်ရမ်တစ်ရပ်မှာ သင့်တော်တဲ့ အချိန်မှာ စစ်ဘက် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျှော့ချသွားမယ်လို့ ပြောခဲ့ပါတယ်။ 

Ref : AFP

Saturday, June 2, 2012

Suu Kyi says Myanmar refugees won't be forgotten



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုအနက် အကြီးမားဆုံးဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး သူတို့ကို မေ့မထားကြောင်း ပြောလိုက်ပါတယ်။ ဒါဟာလဲ မြန်မာနိုင်ငံက အထင်ကရပုဂ္ဂိုလ်တစ်ဦး ပထမဦးဆုံး ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်စခန်းကို သွားရောက်ခြင်း ဖြစ်ပါတယ်။

ဒေါ်စုကို သောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့ လူအုပ်ထဲမှာ တချို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ ဒေါ်စုရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ထားပြီး တချို့က မြန်မာနိုင်ငံအလံနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံများကို ဝှေ့ယမ်းလို့နေပါတယ်။ ဒေါ်စုက ဒုက္ခသည်စခန်းက ကိုယ်စားလှယ်တွေနဲ့ မိနစ် ၉၀ ကြာတွေ့ဆုံပြီးနောက် ဒုက္ခသည်များ ဌာနေပြန်နိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းအရ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည် ၁၄ သောင်းလောက်ရှိပြီး မယ်လစခန်းမှာတင် ၅ သောင်းနီးပါးရှိကာ မလေးရှား၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီ ထွက်ပြေးသွားသူတွေပါပေါင်းရင် မြန်မာဒုက္ခသည် စုစုပေါင်း ၄၂ သောင်းနီးပါးရှိတယ်လို့ သိရပါတယ်။ 


Ref : AP, AFP

Friday, June 1, 2012

Suu Kyi demands 'urgent' legal reform in Myanmar


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လတ်တလော နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေ တည်တံ့ခိုင်မြဲစေအောင် တရားရေးပြုပြင်ပြောင်းလဲမှုကို အမြန်ဆုံး ဆောင်ရွက်ဖို့ မြန်မာအစိုးရကို နိုးဆော်လိုက်ပါတယ်။

ဒေါ်စုက ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်လာတဲ့ စီးပွားရေး ခေါင်းဆောင်များကို ဟောပြောစဉ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တရားဥပဒေအရ အကာအကွယ်ပေးတာထက် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးကို ပိုမိုလိုအပ်နေတယ်လို့ ပြောပါတယ်။ ဒါဟာလဲ ၂၄ နှစ်ကြာပြီးနောက် ဒေါ်စုက နိုင်ငံတကာ ဇာတ်ခုံမှာ ပထမဦးဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ဟောပြောတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမဲ့သူတွေက သတိရှိဖို့လိုတယ်။ အကယ်လို့ သီးခြားလွတ်လပ်ပြီး အဂတိကင်းတဲ့ တရားရေးစနစ် မရှိရင် အကောင်းဆုံးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေကို တရားမျှမျှတတ ကျင့်သုံးနိုင်မှာမဟုတ်ဘူးလို့ ဒေါ်စုက ဆိုပါတယ်။

Ref : AFP

Tuesday, May 29, 2012

On Thailand trip, Suu Kyi visits Myanmar migrants


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၃၀ ရက်နေ့မှာ ဘန်ကောက်မြို့ အနောက်တောင်ဘက် မြန်မာနိုင်ငံသား ပြောင်းရွှေ့ အလုပ်သမား အများစုနေထိုင်ရာ မဟာချိုင်ကို သွားရောက်ပြီး သူတို့ရဲ့ အခြေအနေကို ကြည့်ရှု လေ့လာခဲ့ပါတယ်။

လက်ထဲမှာ ‘အမေ့ရင်ခွင်မှာ ခိုလုံချင်လှပြီ’၊ ‘အမေ သားတို့ အိမ်ပြန်ချင်လှပြီ’ လို့ရေးထားတဲ့ ပိုစတာတွေကိုင်ပြီး ရွှင်မြူးတက်ကြွနေတဲ့ လူအုပ်ကြီးကို ဒေါ်စုက ‘ကျမတို့က မျက်နှာငယ်စရာ အားမငယ်စရာမလိုဘူး။ အခြေအနေက အမြဲတမ်း ပြောင်းလဲနေတာပဲ။ ’ လို့ အားပေးစကား ပြောကြားပါတယ်။

ဒေါ်စုကလဲ ‘ဒီနေ့ ကျမ ကတိတစ်ခု ပေးမယ်။ ဒါကတော့ ကျမ အတတ်နိုင်ဆုံး ကြိုးစားသွားမယ် ဆိုတာပါ။’ လို့ လမ်းကျဉ်းလေးထဲ ပြည့်သိပ်ရောက်ရှိနေတဲ့ ထောင်နဲ့ချီ လူအုပ်ကြီးကို ပြောလိုက်ပါတယ်။ အခုတခေါက် ခရီးစဉ်ဟာလဲ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များကို ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ လာကြည့်တာပါလို့လဲ ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂ သန်းခွဲလောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒီအထဲ တရားမဝင်သွားရောက် နေထိုင် လုပ်ကိုင်ကြသူတွေလည်း မနည်းပါဘူး။ ဒီလိုလူတွေက များသောအားဖြင့် လုပ်အားခ နှိမ်ခံရတာမျိုး တွေရှိပြီး ဒီဒုက္ခတွေကို ကိုယ်တိုင်ဖော်ထုတ် ဖွင့်ဟ နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် ဒေါ်စု သူတို့ကို သွားကြည့်တာဟာ သူတို့အဖို့ ကယ်တင်ရှင်ကြီး ရောက်လာသလို ခံစားကြရမယ်လို့ ထင်ကြောင်း ပြောင်းရွှေ့အလုပ်သမားရေးရာ ပညာရှင်တစ်ဦးက ပြောပါတယ်။

စည်သွပ်ဗူးစက်ရုံမှာ လုပ်ကိုင်တဲ့ ၂၆ နှစ်အရွယ် မြန်မာအလုပ်သမ တစ်ဦးက မြန်မာနိုင်ငံ မွန်ပြည်နယ်မှ ထိုင်းနိုင်ငံကို ရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ သူက ‘ကျမတို့ မိဘတွေကို ချန်ခဲ့ရတယ်။ ဟိုက မိဘတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကျမတို့ မောင်နှမတွေအားလုံး ဒီမှာ အလုပ်လုပ်ကြတယ်။ ဒေါ်စုက မြန်မာနိုင်ငံတိုးတက်လာအောင် လုပ်ဆောင်ပေးမယ်လို့ ကျမမျှော်လင့်တယ်။ ဒါမှလဲ ဟိုမှာ အလုပ်တွေ ရှိရင် ကျမတို့ ဌာနေကို အမြန်ပြန်နိုင်မှာပါ။’ လို့ ပြောပါတယ်။ 

Ref : AP

Suu Kyi arrives in Thailand on first overseas trip


ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ ဒါဟာလဲ ဒေါ်စု ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံကို ပြန်ပြီး နာမကျန်းတဲ့ မိခင်ကို သွားရောက် စောင့်ရှောက်ခဲ့ပြီးနောက် ၂၄ နှစ်အတွင်း ပထမဦးဆုံးသော နိုင်ငံခြား ခရီးစဉ်ဖြစ်ပါတယ်။

ဒေါ်စုဟာ ဘန်ကောက်စံတော် ချိန် ည ၁၀ နာရီလောက်မှာ ရောက်ရှိတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ရင်လပ်နဲ့ တွေ့ဆုံဖို့စီစဉ်ထားတဲ့အပြင် ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများကိုလဲ တွေ့ဆုံဖို့ရှိပါတယ်။


ဒေါ်စုက အခုတခေါက် ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို မထွက်ခွာမီမှာ ထူးထူးခြားခြား ခံစားချက် မဖြစ်မိပါဘူး။ ဒါက သူ့ အလုပ်ရဲ့ တစိတ်တဒေသ ဖြစ်တယ်။ ထိုင်းမှာ ၄၊ ၅ ရက်လောက် နေမှာဖြစ်ပြီး ဒုက္ခသည် စခန်းကို သွားရောက်ကြည့်ရှုဖို့ရှိတယ်လို့ ပြောပါတယ်။



Ref : AFP

Monday, May 28, 2012

Businessmen to be granted Myanmar visas on arrival


မြန်မာနိုင်ငံက သောကြာနေ့ကစပြီး မြန်မာနိုင်ငံကိုသွားရောက်မဲ့ စီးပွားရေး လုပ်ငန်းရှင်နဲ့ ဆွေးနွေးပွဲ တက်ရောက်သူများကို ဆိုက်ရောက် ဗီဇာ စပေးတော့မယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။

လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဗီဇာခ ဒေါ်လာ ၅၀ ပေးရမှာ ဖြစ်ပေမဲ့ အပန်းဖြေသွားတဲ့ ခရီးသည်တွေကတော့ ဆိုက်ရောက် ဗီဇာ လျှောက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ ယူကေနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် ၂၇ နိုင်ငံက နိုင်ငံသားများ လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ၂၀၁၀ ခုနှစ်မှာ ဆိုက်ရောက်ဗီဇာကို စတင်ပေးခဲ့ပေမဲ့ အထွေထွေရွေးကောက်ပွဲ မတိုင်မီမှာ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းမှာ ဆိုက်ရောက်ဗီဇာကို ရန်ကုန်လေဆိပ်မှာ လျှောက်ထားနိုင်မှာ ဖြစ်ပြီး နောက်ဆိုရင် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေမှာလဲ လျှောက်လို့ရမှာ ဖြစ်ပါတယ်။

Ref : AP

India firms Myanmar ties during historic visit


အိန္ဒိယ ဝန်ကြီးချုပ် မန်းမိုဟန်း ဆင်း (Manmohan Singh) ဟာ သမိုင်းဝင်တဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ သဘောတူချက် တလှေကြီးကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင်လုပ်ငန်း တိုးချဲ့ဖို့ပါ။ တဖက်မှာ ဒေသတွင်း ပြိုင်ဖက်ဖြစ်တဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို ဟန့်တားနိုင်ဖို့ ကြိုးစားမှု တစ်ရပ်လဲ ဖြစ်ပါတယ်။

မစ္စတာ မန်းမိုဟန်း ဆင်းဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံးသော အိန္ဒိယ ဝန်ကြီးချုပ် ဖြစ်ပါတယ်။ မစ္စတာ မန်းမိုဟန်း ဆင်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ မြန်မာတို့က လုံခြုံရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ၁၂ ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မစ္စတာ မန်းမိုဟန်း ဆင်းဟာ မနက်ဖြန်မှာ ရန်ကုန်ကို ခရီးဆက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ 


Ref : AFP

Myanmar president delays Thai trip amid Suu Kyi visit


မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုအပတ် ထိုင်းနိုင်ငံကို သွားရောက်မဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမရဲ့ ၂၄ နှစ်အတွင်း ပထမဦးဆုံးသော နိုင်ငံခြားခရီးစဉ်ကို မူလအစီအစဉ်အတိုင်း သွားရောက်မှာ ဖြစ်တယ်လို့ ဘန်ကောက်က အရာရှိက ပြောပါတယ်။

ဦးသိန်းစိန်ဟာ မူလက မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ ရက်အထိ ဘန်ကောက်မှာ ကျင်းပမဲ့ ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်ဖို့ စီစဉ်ထားတာပါ။ ဒေါ်စုကလဲ ဒီဖော်ရမ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ဘာကြောင့် ရွှေ့ဆိုင်း ရသလဲဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ က Thani Thongpakdi က သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင်ခရီးစဉ်ကို  ဇွန်လ ၄ ရက်အထိ ရွှေ့ဆိုင်းဖို့ မြန်မာနဲ့ ထိုင်း သက်ဆိုင်ရာတွေက အတူ ဆုံးဖြတ်ခဲ့တာလို့ ဆိုပြီး ဒေါ်စုကတော့ မူလအစီအစဉ်အတိုင်း သွားရောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။



Ref : AFP

Friday, May 25, 2012

NLD : Indian PM to meet Suu Kyi


အိန္ဒိယ ဝန်ကြီးချုပ် မန်းမိုဟန်း စင်း (Manmohan Singh) က နောက်အပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာလဲ ၂၅ နှစ်ကြာပြီးနောက် အိန္ဒိယ ဝန်ကြီးချုပ် ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်ခြင်း ဖြစ်ပါတယ်။

အတိတ်မှာ အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိတာမို့ အများက ဝေဖန်ခဲ့ကြပါတယ်။ အခုတခေါက် မစ္စတာစင်း ဒေါ်စုနဲ့တွေ့ဆုံဖို့ စီစဉ်ထားတာဟာ ဒေလီအာဏာပိုင်တွေက မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူများနဲ့ ထိတွေ့လိုကြောင်း လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက အင်္ဂါနေ့မှာ တွေ့ဖို့ စီစဉ်ထားလို့ ဒေါ်စုရဲ့ ဘန်ကောက်ခရီးစဉ်ကို နောက်ရွှေ့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်စုက ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်ဖို့ အင်္ဂါနေ့ ညနေပိုင်းမှာ ရန်ကုန်က ထွက်ခွာမှာ ဖြစ်ပါတယ်။

မစ္စတာစင်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တနင်္လာနေ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Ref : AFP

Thursday, May 24, 2012

Suu Kyi to receive honorary Oxford doctorate


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့မိခင်ကျောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းဖို့ရှိတယ်လို့ အောက်စ်ဖို့ဒ်က ၂၄ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဒေါ်စုကရဲ့ အသက် ၆၇ နှစ်ပြည့်ပြီးနောက်တစ်ရက် ဇွန်လ ၂၀ ရက်နေ့မှာ တရားမ ဥပဒေပညာရပ် ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံယူမှာပါ။ ဒီဘွဲ့ကို အောက်စ်ဖို့ဒ်က ၁၉၉၃ ခုနှစ်မှာ ဒေါ်ဆုကို ချီးမြှင့်ပေးခဲ့တာ ဖြစ်ပေမဲ့ ဒေါ်စု နေအိမ်အကျယ်ချုပ် ကျခံနေရတာကြောင့် ကိုယ်တိုင်သွား မယူနိုင်ခဲ့ပါဘူး။

အောက်စ်ဖို့ဒ်တက္ကသိုလ် ဒုတိယ အဓိပတိ အန်ဒရူး ဟမ်မီတန် (Andrew Hamilton) က ဒေါ်စု မိခင်ကျောင်းကို ပြန်လာနိုင်တာ ဝမ်းမြောက်မိပါကြောင်း၊ ဘွဲ့နှင်းသဘင် အခမ်းအနားကိုလဲ မျှော်လင့်နေကြောင်း ပြောပါတယ်။

ဒေါ်စုဟာ ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေး ပညာရပ်တွေကို ဆည်းပူးခဲ့ပြီး ကျောင်းပြီးနော့ မိုက်ကယ် အဲရစ်နဲ့ အိမ်ထောင်ကျကာ အောက်စ်ဖို့ဒ်မြို့မှာ အခြေချခဲ့တာ ဖြစ်ပါတယ်။ 

Ref : AFP

Suu Kyi: Reforms bearing 'buds,' not fruit


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း လတ်တလော အပြောင်းအလဲတွေနဲ့ပတ်သက်လို့ ဒီတစ်နှစ်တာ ပြုပြင်ပြောင်းလဲမှုတွေဟာ ပန်းတစ်ပွင့် ဖူးခါစ အဆင့်သာ ရှိသေးတာ သတိရှိဖို့လိုကြောင်း ၂၄ ရက်နေ့က ပြောလိုက်ပါတယ်။

အမေရိကန် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဗီဒီယိုကနေတဆင့် ဒေါ်စုက လူထုရဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ ဖူးစပြုလာတာ - အသီးအပွင့်လို့ မဆိုဘူး - တွေ့ရလို့ ပြည်သူတစ်ရပ်လုံးအတွက် အားရစရာပါ။ အဖူးအဆင့်ကနေ အပွင့်ဖြစ်တဲ့အထိ အပွင့်ကနေ အသီးဖြစ်လာတဲ့အထိ အချိန်ပေးဦးမယ်ဆိုပေမဲ့ ဖူးစပြုနေပြီဆိုတာ ဝမ်းသာစရာပါလို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ပညာရေးနဲ့ ပတ်သက်လို့ တက္ကသိုလ်တွေမှာ အလုပ်ခွင်နဲ့ ကိုက်ညီမဲ့ အခြေခံ ပညာရေးကို သင်မပေးနိုင်လို့ မြန်မာနိုင်ငံမှာ ဘွဲ့ရ အလုပ်လက်မဲ့တွေ ဒုနဲ့ဒေးနဲ့ ရှိတယ်လို့ ဒေါ်စုက ထောက်ပြပါတယ်။ ဒေါ်စုကလဲ ဂျွန်ဟော့ပ်ကင်းအပါအဝင် အခြား အမေရိကန် ပညာရေးဌာနတွေက မြန်မာ့လူငယ်တွေရဲ့ အတတ်ပညာ တိုးတက်မှုရှိလာအောင် တဖက်တလမ်းက ကူညီဖို့လဲ တိုက်တွန်း ထားတယ်။

ဒေါ်စုကို ဂျွန်ဟော့ပ်ကင်းက တရားမ ဥပဒေ ပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

Ref : AFP