Sunday, April 29, 2012

UN's Ban: West should further ease Myanmar sanctions


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ အပြောင်းအလဲကို အားပေးတဲ့အနေနဲ့ အနောက်တိုင်းနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အခုထက်ပိုပြီး ဖြေလျှော့ပေးသင့်တယ်လို့ ၃၀ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဘန်ကီမွန်းက နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ မွန့်ခွန်းပြောရာ အခုလက်ရှိအချိန်အထိ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုပ်ရပ်တွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အခုထက် ပိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ အခြားပိတ်ဆို့မှုနဲ့ ကုန်သွယ်ရေး ကန့်သတ်မှုတွေကို ထပ်ပြီး ဖြေလျှော့ခြင်း၊ ဆိုင်းငံ့ခြင်း ဒါမှမဟုတ် ရုပ်သိမ်းခြင်းတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ရပါတယ်လို့ ပြောသွားပါတယ်။

အနောက်တိုင်း နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး နွေးထွေးလာတဲ့အလျောက် နိုင်ငံတကာ ခေါင်းဆောင်တွေ ရှေ့စဉ်နောက်ဆက် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ကြရာ ဘန်ကီမွန်းဟာ နောက်ဆုံးသွားရောက်တဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါတယ်။ ဘန်ကီမွန်းဟာလဲ လွှတ်တော်မှာ ပထမဦးဆုံး မိန့်ခွန်းပြောကြားတဲ့ နိုင်ငံတကာ အကြီးအကဲတစ်ဦး ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ၊ နောဝေး၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံတွေက မြန်မာနိုငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေအနက် လက်နက်တင်ပို့ရောင်းချမှုကလွဲပြီး ကျယ်ကျယ်ပျံ့ပျံ့ ဆိုင်းငံ့ထားပြီး ဖြစ်ပေမဲ့ အမေရိကန် ပြည်ထောင်စုကတော့ ပိတ်ဆို့မှုတွေကို ချက်ချင်းလက်ငင်း အဆုံးသတ်ဖို့ ဖယ်ရှားလိုက်ပြီး ဖြစ်ပါတယ်။

ကျန်းသစ္စာမကျိန်ဆိုရသေးလို့ ဒီကနေ့ လွှတ်တော်မှာ မိန့်ခွန်းသွား နားမထောင်နိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဘန်ကီမွန်းက မနက်ဖြန် မေလ ၁ ရက်နေ့ ရန်ကုန်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ 

Ref : AFP

Suu Kyi 'to swear oath' in parliament


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မကြာခင် လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ၃၀ ရက်နေ့က အန်အယ်လ်ဒီ ဌာနချုပ်မှာ ပြောလိုက်တာကြောင့် ကြားဖြတ်ရွေးကောက်ပွဲအပြီး အစိုးရနဲ့ အန်အယ်လ်ဒီအကြား ပထမဆုံးသော တင်းမာမှု ပြေလည်သွားပြီ ဖြစ်ပါတယ်။

ဒေါ်စုက မြန်နိုင်သလောက် အမြန်ဆုံး လွှတ်တော်ကို တက်ရောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်စုကလဲ ‘‘တချို့က မေးကြမယ် အစက ‘ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်’ ဆိုတဲ့ စကားရပ်ကို အန်အယ်လ်ဒီက လက်မခံနိုင်ဘူးပြောတယ်။ အခုကျ ဘာလို့ လက်ခံတာလဲလို့။ ကျမတို့လက်ခံရတဲ့ အကြောင်းက လူထုရဲ့ ဆန္ဒကြောင့်ပါ။ မဲဆန္ဒရှင်တွေက ကျမတို့ကို လွှတ်တော်မှာ တွေ့ချင်လို့ ကျမတို့ကိုမဲထည့်ပေးတာဖြစ်တယ်။’’ လို့ ရှင်းပြသွားပါတယ်။

Ref : AFP

Saturday, April 28, 2012

Taiwanese Traders Visit Myanmar



မြန်မာနိုင်ငံက တံခါးပိုပွင့်လာပြီး စီးပွားရေး အလားအလာ ပိုကောင်းလာဖို့ ရှိတာကြောင့် ထိုင်းနိုင်ငံရှိ ထိုင်ဝမ်ကုန်သည်များအသင်းက ၂၈ နေ့မှာ ရန်ကုန်သွားပြီး မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ ဘဏ်တွေကို ၃ ရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လုပ်အားခမြင့်တက်လာခြင်း၊ အလုပ်သမားချို့တဲ့ခြင်း စတဲ့ ပြဿနာတွေကြောင့် လတ်တလော တံခါးဖွင့်ဝါဒ ကျင့်သုံးလာတဲ့ မြန်မာဈေးကွက်ကို စိတ်ဝင်စား လာတာဖြစ်ပါတယ်။ အခုတခေါက် မြန်မာနိုင်ငံကို သွားရောက်လေ့လာသူထဲမှာ သစ်၊ စက်ပစ္စည်း၊ လက်ကား၊ ကျောက်မျက်ရတနာ၊ စာရေးကိရိယာပစ္စည်း၊ စားသောက်ကုန်၊ အထည်အလိပ်နဲ့ ငွေရေးကြေးရေးစတဲ့ လုပ်ငန်းပိုင်းက ကုန်သည်တွေ ပါဝင်ပါတယ်။

ထိုင်ဝမ်ကုန်သည်အသင်းကလဲ မြန်မာနိုင်ငံက သက်ဆိုင်ရာ ဌာနနဲ့ အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတွေနဲ့လဲ တွေ့ဆုံခဲ့ပါတယ်။ ထိုင်ဝမ်ကုန်သည်အသင်း ဥက္ကဋ္ဌက အတိတ်မှာ ထိုင်ဝမ်ကုန်သည်တွေ တရုတ်ပြည်မနဲ့ ဗီယက်နမ်မှာ သွားရောက် ရင်းနှီးမြှုပ်နှံတာ ဒေသတွင်း စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေခဲ့တာကို သာဓကပြပြီး ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံနဲ့ နှီးနှောဖလှယ်လိုကြောင်း ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံအကြား ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်ဖောက်ကားမှုတွေ ရှိလာစေဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။


Ref : CNA

Taiwan hopes building practical ties with Myanmar


ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ရန်ကျင့်ထျဲန်းက မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ တံခါးဖွင့် မူဝါဒဆီ ရှေ့ရှုသွားနေတာကို ကြိုဆိုကြောင်း နှစ်နိုင်ငံအကြား လက်တွေ့ကျတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။

ရန်ကျင့်ထျဲန်းကလဲ ဒီတလျှောက်လုံးမှာ မြန်မာနိုင်ငံက တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ်ရှိတော့ ထိုင်ဝမ်နဲ့ ထိတွေ့ရမှာ သတိကြီးနေတယ်။ ဒါပေမဲ့ လတ်တလော မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး ပြုပြင်ပြောင်းလဲရေးတွေ တသီတတန်းကြီး လုပ်ဆောင်နေတာ ဒီမိုကရေစနစ် ရင့်ကျက်လာတာနဲ့အမျှ တနေ့နေ့တချိန်ချိန်ကျရင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ ထိုင်ဝမ်ဟာ အထောက်အကူဖြစ်စေမဲ့ မိတ်ဆွေကောင်းတစ်ဦးဖြစ်မယ်ဆိုတာ နားလည်လာမှာကို ယုံကြည်ပါတယ်လို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လထဲ နိုင်ငံခြား ခရီးထွက်ဖို့ စီစဉ်ထားရာ ထိုင်ဝမ်ကရော ဖိတ်ကြားနိုင်ခြေရှိမရှိနဲ့ ပတ်သက်လို့ ရန်ကျင့်ထျဲန်းက ဒေါ်စု ဒီမိုကရေစီ ရရှိဖို့ အနှစ်နာခံကြိုးပမ်းလာတာ ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ အကယ်လို့ ဒေါ်စု ထိုင်ဝမ်ကိုလာလည်ဖို့ ဆန္ဒရှိမယ်ဆိုရင် ထိုင်ဝမ်ဘက်က ကြိုဆိုဖို့ အသင့်ပါပဲလို့ ဖြေကြားသွားပါတယ်။

Ref : CNA

EU's Ashton urges 'irreversible' Myanmar reforms


ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Catherine Ashton ဟာ ၂၈ ရက်နေ့မှာ ရန်ကုန်ကို ရောက်ရှိပြီး မြန်မာနိုင်ငံမှာ ၃ ရက်ကြာနေဖို့ စီစဉ်ထားပါတယ်။ နေ့လည်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုကို နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်ရှောက်ဖို့နဲ့ တိုင်းရင်းသားများနဲ့ သွေးထွက်သံယိုဖြစ်စေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ နိုးဆော်လိုက်ပါတယ်။

မစ္စ Ashton ဟာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ယာယီဆိုင်းငံ့မယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ မစ္စ Ashton ၊ ဒေါ်စုနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ဟာ ရန်ကုန်မြို့ အင်းလျားမြိုင်လမ်းမှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အီးယူရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီရုံးရဲ့ လုပ်ငန်းတာဝန်က အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်းက ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို စီမံကြီးကြပ်ဖို့အပြင် နိုင်ငံရေး ကဏ္ဍလဲ ပါဝင်မှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ မစ္စ Ashton က သမ္မတနဲ့တွေ့တဲ့အခါ ရှေ့ဆက်သွားနေတဲ့ လမ်းစဉ်ကို ကြိုဆိုကြောင်း ပြောကြားမဲ့အပြင် အခုထက် ပိုမိုလုပ်​ဆောင်ဖို့ကိုလဲ အားပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကျမ်းကျိန်လွှာပါ စကားရပ် ပြင်ဆင်ပေးဖို့နဲ့ ပတ်သက်ပြီး ဒေါ်စုက မကြာခင်မှာ ပြေလည်ဖို့ မျှော်လင့်ကြောင်း ထပ်လောင်း ပြောကြားထားပါတယ်။ သတင်းထောက်တွေက အကယ်လို့ အာဏာရပါတီက ပြင်ဆင်ပေးဖို့ မထောက်ခံဘူးဆိုရင်ရောလို့ မေးမြန်းရာမှာ ဒေါ်စုက အခုအချိန်က ဒီအခြေအနေအထိ မရောက်သေးဘူး။ ဒီကိစ္စကို ဆွေးနွေးဖို့ စောပါသေးတယ်လို့ ဖြေကြားသွားပါတယ်။

ဒေါ်စုက ၁၉၈၈ ခုနှစ် မြန်မာပြည်ပြန်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဇွန်လထဲ နော်ဝေးနဲ့ ဗြိတိန်ကို ခရီးထွက်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့ အခုချိန်ထိတော့ နိုင်ငံကူးလက်မှတ် မကျလာသေးဘူးလို့ ဆိုပါတယ်။

Ref : AFP

Thursday, April 26, 2012

World Bank to return to Myanmar


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ ဂျွန်လအတွင်း ရုံးခန်းပြန်ဖွင့်မယ်လို့ ၂၆ ရက်နေ့က ကြေညာလိုက်ပါတယ်။ ရန်ကုန်ရုံးမှာ အရာရှိသစ် ခန့်အပ်ပြီး ကူညီထောက်ပံ့မှု အစီအစဉ်အတွက် စီးပွားရေး အချက်အလက်တွေကို စုဆောင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ် အာရှပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌ ပါမဲလား ကောက်စ်ခ် (Pamela Cox) က ကမ္ဘာ့ဘဏ်ရဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံက ပြည်သူလူထုကို အကူအညီပေးဖို့ ဖြစ်တယ်။ ဒါပေမဲ့ ကူညီထောက်ပံ့မှု အစီအစဉ်အသစ်တွေကို မစခင်မှာ မြန်မာနိုင်ငံရဲ့ ကြွေးကျန် အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ မြန်မာနဲ့ရော တခြားမြီရှင်နိုင်ငံများနဲ့ပါ ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ၁၉၈၇ ခုနှစ်မှာ အကြွေးတွေကို ဆက်မဆပ်တော့တာမို့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ ရှိတဲ့အစီအစဉ်တွေကို ရပ်ဆိုင်းခဲ့တာပါ။ အဲဒီတုန်းက ကမ္ဘာ့ဘဏ်ကို ဒေါ်လာ ၃၉၃ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်ကို သန်း ၅၀၀ နဲ့ တခြားမြီရှင်များကို ဆပ်ဖို့ အကြွေးတွေ ကျန်ရှိပါတယ်။

မစ္စ ပါမဲလား ကောက်စ်ခ်က ဂျွန်လထဲ ကမ္ဘာ့ဘဏ်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိုယ်စားလှယ်များနဲ့အတူ မြန်မာနိုင်ငံသွားပြီး မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှာ ဖြစ်ပါတယ်။

Ref : AFP

S. Korea's top diplomat to visit Myanmar



တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်ဆုန်ဟွမ် (Kim Sung-Hwan) က နောက်အပတ်ထဲမှာ မြန်မာနိုင်ငံကိုသွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေးမှာ ဖြစ်တယ်လို့ တောင်ကိုးရီးယားက ၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မေလ ၁ ရက်နေ့က ၂ ရက်နေ့အထိ ၂ ရက်ကြာမဲ့ ခရီးစဉ်မှာ ကင်ဆုန်ဟွမ်ဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာလဲ ၁၉၈၅ ခုနှစ်နောက်ပိုင်း တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်ခြင်း ဖြစ်ပါတယ်။ ကင်ဆုန်ဟွမ်ဟာ မြန်မာနိုင်ငံမသွားခင် ဧပြီ ၃၀ ကနေ မေ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။   

မြန်မာနိုင်ငံမှာ ကင်ဆုန်ဟွမ်က နှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံ လက်ရှိအခြေအနေနဲ့ ကိုးရီးယားကျွန်းဆွယ် အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကင်ဆုန်ဟွမ်ရဲ့ မြန်မာ ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ဦးတည်ချက်အသစ်ကို ချမှတ်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။


Ref : AFP

Britain to open new Foreign Office branch in Myanmar


ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း သင်္ကြန်မတိုင်ခင် သမိုင်းဝင်တဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံမှာ နိုင်ငံခြားရေး ရုံးခွဲသစ်တစ်ခု ဖွင့်လှစ်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး William Hague က ၂၆ ရက်နေ့မှာ ပြောပါတယ်။

William Hague က အမတ်များကို တင်ပြတဲ့ ကြေညာချက်တစ်ရပ်မှာ ‘ဗြိတိသျှ အကျိုးစီးပွားဆိုင်ရာ ရုံးခန်း’ (British interests office) အဖြစ် နေပြည်တော်မှာ ထူထောင်မှာ ဖြစ်တယ်။ ဒီရုံးခန်းက ရန်ကုန်ရှိ ဗြိတိသျှသံရုံးရဲ့ လုပ်ငန်းများကို အားဖြည့် လုပ်ဆောင်သွားမှာ ဖြစ်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူများနဲ့ ထိတွေ့ဆက်ဆံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref : AFP

Myanmar's Suu Kyi's hopeful on oath dispute


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျမ်းသစ္စာ ကျိန်ဆိုတဲ့ စကားရပ် အငြင်းပွားမှုဟာ မကြာခင်မှာ ပြေလည်နိုင်ဖွယ်ရှိတယ်လို့ ၂၆ ရက်နေ့က ပြောလိုက်ပါတယ်။

ဒေါ်စုက ဒါဟာ နိုင်ငံရေးအရ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေအထိ ဖြစ်မှာ မဟုတ်ဘူးလို့ အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi နဲ့ တွေ့ဆုံစဉ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်မှာ ပြောသွားပါတယ်။

ဒေါ်စုအပါအဝင် အဖွဲ့ချုပ်က ရွေးကောက်ခံ အမတ်တွေက ကျမ်းသစ္စာ ကျိန်ဆိုရာမှာ ပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ‘ကာကွယ်စောင့်ရှောက်ပါမည်’ ဆိုတဲ့ စကားရပ်ကို ‘လေးစားလိုက်နာပါမည်’ လို့ အစားထိုးပြင်ဆင်ပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။ 

Ref : AP

Wednesday, April 25, 2012

ASEAN welcomes EU suspension of Myanmar sanctions


ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှု အများစုကို ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံက ၂၅ ရက်နေ့မှာ ကြိုဆိုလိုက်ပြီး မှန်ကန်တဲ့ အချိန်အခါမှာ မှန်ကန်တဲ့အလုပ်ကို လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဥရောပနိုင်ငံများက မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်ရေး အဆုံးသတ်ပြီးတဲ့ တစ်နှစ်အတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့အနေနဲ့ စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချရေးကလွဲလို့ တခြားပိတ်ဆို့မှု အားလုံးနီးပါးကို တစ်နှစ်တာ ဆိုင်းငံ့ပေးဖို့ ၂၃ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက လူပုဂ္ဂိုလ် ၅၀၀ နဲ့ စီးပွားရေးလုပ်ငန်း ၈၀၀ ကျော်အပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ Surin Pitsuwan က အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှု ဆိုင်းငံ့ခြင်းကို ကြိုဆိုပါတယ်။ ဒါဟာ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ကိစ္စကို လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

Ref : AFP

Tuesday, April 24, 2012

Canada lifts most sanctions against Myanmar


ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး John Baird က ကနေဒါအစိုးရဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှု အများစုကို ရုပ်သိမ်းလိုက်ကြောင်း ၂၄ ရက်နေ့မှာ ကြေညာလိုက်ပြီး မြန်မာနိုင်ငံရဲ့ လမ်းစဉ်က အရေးပါတဲ့ ပြောင်းလဲမှုတွေ ရှိခဲ့ပြီးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့လိုက်ပြီး နောက်တစ်နေ့မှာ ကနေဒါနိုင်ငံက အခုလို ကြေညာလိုက်တာပါ။

မစ္စတာ Baird က ဆိုင်းငံ့မှုတွေ ချက်ချင်းအသက်ဝင်မှာ ဖြစ်တယ်။ ကုန်စည်တင်ပို့၊ တင်သွင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းက ပိတ်ပင်တားဆီးမှု အများစုကို ဖယ်ရှားလိုက်ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချမှုကိုတော့ ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။

မစ္စတာ Baird ကလဲ ၁၉၈၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့ရတာက မြန်မာအစိုးရ လမ်းစဉ် ပြောင်းလဲလာအောင် အားပေးဖို့ဖြစ်တယ်။ အခုတော့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေကို တွေ့ရပြီဖြစ်တယ်လို့ ပြောပါတယ်။

ဒီပြောင်းလဲမှုတွေထဲမှာ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေ မရှိခြင်းစတာတွေ ပါဝင်ပြီး ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာကို မြင်တွေ့လိုတယ်လို့လဲ မစ္စတာ Baird က ထောက်ပြပါတယ်။

ဒါပေမဲ့လဲ အကယ်လို့ မြန်မာ့ဒီမိုကရေစီလမ်းစဉ် နောက်ကြောင်းပြန်သွားမယ်ဆိုရင် ကနေဒါဘက်က ပိတ်ဆို့မှုကို ပြန်လည်ပြဋ္ဌာန်းဖို့ တုံ့နှေးနေမှာ မဟုတ်ဘူး။ ကနေဒါက အကောင်းမြင်ပြီး မျှော်လင့်ချက်ရှိတယ်ဆိုပေမဲ့ ရိုးအသူတွေမဟုတ်ဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

Ref : AFP

Monday, April 23, 2012

EU suspends most sanctions against Myanmar


မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပိတ်ဆို့မှုတွေအနက် လက်နက်တင်ပို့ရောင်းချခြင်းကလွဲလို့ ကုန်သွယ်ရေး၊ စီးပွားရေး အပိုင်းက ပိတ်ဆို့မှု အတော်များများကို တစ်နှစ်ကြာ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံခြားရေးအရာရှိတွေက AFP သတင်းဌာနကို ပြောပါတယ်။

လူဇင်ဘတ်မှာ စည်းဝေးနေတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက လူပုဂ္ဂိုလ်ပေါင်း ၅၀၀ နဲ့ စီးပွားရေးလုပ်ငန်း ၈၀၀ ကျော်အပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးတွေက ထောက်ခံထားတဲ့ ကြေညာချက်မှာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားတဲ့ ပြောင်းလဲမှုတွေကို လေးစား ထောက်ခံပါတယ်လို့ ရေးထားထားပါတယ်။

အခုလို ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားလိုက်ပြီ ဆိုပေမဲ့လဲ ဥရောပသမဂ္ဂက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို နီးနီးကပ်ကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်။ ပိတ်ဆို့မှုကိုလဲ ပုံမှန်သုံးသပ်သွားမှာ ဖြစ်တယ်လို့လဲ ဖြည့်သွင်းရေးထားပါတယ်။

Ref : AFP