Tuesday, May 29, 2012

On Thailand trip, Suu Kyi visits Myanmar migrants


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၃၀ ရက်နေ့မှာ ဘန်ကောက်မြို့ အနောက်တောင်ဘက် မြန်မာနိုင်ငံသား ပြောင်းရွှေ့ အလုပ်သမား အများစုနေထိုင်ရာ မဟာချိုင်ကို သွားရောက်ပြီး သူတို့ရဲ့ အခြေအနေကို ကြည့်ရှု လေ့လာခဲ့ပါတယ်။

လက်ထဲမှာ ‘အမေ့ရင်ခွင်မှာ ခိုလုံချင်လှပြီ’၊ ‘အမေ သားတို့ အိမ်ပြန်ချင်လှပြီ’ လို့ရေးထားတဲ့ ပိုစတာတွေကိုင်ပြီး ရွှင်မြူးတက်ကြွနေတဲ့ လူအုပ်ကြီးကို ဒေါ်စုက ‘ကျမတို့က မျက်နှာငယ်စရာ အားမငယ်စရာမလိုဘူး။ အခြေအနေက အမြဲတမ်း ပြောင်းလဲနေတာပဲ။ ’ လို့ အားပေးစကား ပြောကြားပါတယ်။

ဒေါ်စုကလဲ ‘ဒီနေ့ ကျမ ကတိတစ်ခု ပေးမယ်။ ဒါကတော့ ကျမ အတတ်နိုင်ဆုံး ကြိုးစားသွားမယ် ဆိုတာပါ။’ လို့ လမ်းကျဉ်းလေးထဲ ပြည့်သိပ်ရောက်ရှိနေတဲ့ ထောင်နဲ့ချီ လူအုပ်ကြီးကို ပြောလိုက်ပါတယ်။ အခုတခေါက် ခရီးစဉ်ဟာလဲ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များကို ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ လာကြည့်တာပါလို့လဲ ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂ သန်းခွဲလောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒီအထဲ တရားမဝင်သွားရောက် နေထိုင် လုပ်ကိုင်ကြသူတွေလည်း မနည်းပါဘူး။ ဒီလိုလူတွေက များသောအားဖြင့် လုပ်အားခ နှိမ်ခံရတာမျိုး တွေရှိပြီး ဒီဒုက္ခတွေကို ကိုယ်တိုင်ဖော်ထုတ် ဖွင့်ဟ နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် ဒေါ်စု သူတို့ကို သွားကြည့်တာဟာ သူတို့အဖို့ ကယ်တင်ရှင်ကြီး ရောက်လာသလို ခံစားကြရမယ်လို့ ထင်ကြောင်း ပြောင်းရွှေ့အလုပ်သမားရေးရာ ပညာရှင်တစ်ဦးက ပြောပါတယ်။

စည်သွပ်ဗူးစက်ရုံမှာ လုပ်ကိုင်တဲ့ ၂၆ နှစ်အရွယ် မြန်မာအလုပ်သမ တစ်ဦးက မြန်မာနိုင်ငံ မွန်ပြည်နယ်မှ ထိုင်းနိုင်ငံကို ရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ သူက ‘ကျမတို့ မိဘတွေကို ချန်ခဲ့ရတယ်။ ဟိုက မိဘတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကျမတို့ မောင်နှမတွေအားလုံး ဒီမှာ အလုပ်လုပ်ကြတယ်။ ဒေါ်စုက မြန်မာနိုင်ငံတိုးတက်လာအောင် လုပ်ဆောင်ပေးမယ်လို့ ကျမမျှော်လင့်တယ်။ ဒါမှလဲ ဟိုမှာ အလုပ်တွေ ရှိရင် ကျမတို့ ဌာနေကို အမြန်ပြန်နိုင်မှာပါ။’ လို့ ပြောပါတယ်။ 

Ref : AP

Suu Kyi arrives in Thailand on first overseas trip


ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ ဒါဟာလဲ ဒေါ်စု ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံကို ပြန်ပြီး နာမကျန်းတဲ့ မိခင်ကို သွားရောက် စောင့်ရှောက်ခဲ့ပြီးနောက် ၂၄ နှစ်အတွင်း ပထမဦးဆုံးသော နိုင်ငံခြား ခရီးစဉ်ဖြစ်ပါတယ်။

ဒေါ်စုဟာ ဘန်ကောက်စံတော် ချိန် ည ၁၀ နာရီလောက်မှာ ရောက်ရှိတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ရင်လပ်နဲ့ တွေ့ဆုံဖို့စီစဉ်ထားတဲ့အပြင် ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများကိုလဲ တွေ့ဆုံဖို့ရှိပါတယ်။


ဒေါ်စုက အခုတခေါက် ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို မထွက်ခွာမီမှာ ထူးထူးခြားခြား ခံစားချက် မဖြစ်မိပါဘူး။ ဒါက သူ့ အလုပ်ရဲ့ တစိတ်တဒေသ ဖြစ်တယ်။ ထိုင်းမှာ ၄၊ ၅ ရက်လောက် နေမှာဖြစ်ပြီး ဒုက္ခသည် စခန်းကို သွားရောက်ကြည့်ရှုဖို့ရှိတယ်လို့ ပြောပါတယ်။



Ref : AFP

Monday, May 28, 2012

Businessmen to be granted Myanmar visas on arrival


မြန်မာနိုင်ငံက သောကြာနေ့ကစပြီး မြန်မာနိုင်ငံကိုသွားရောက်မဲ့ စီးပွားရေး လုပ်ငန်းရှင်နဲ့ ဆွေးနွေးပွဲ တက်ရောက်သူများကို ဆိုက်ရောက် ဗီဇာ စပေးတော့မယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။

လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဗီဇာခ ဒေါ်လာ ၅၀ ပေးရမှာ ဖြစ်ပေမဲ့ အပန်းဖြေသွားတဲ့ ခရီးသည်တွေကတော့ ဆိုက်ရောက် ဗီဇာ လျှောက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ ယူကေနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် ၂၇ နိုင်ငံက နိုင်ငံသားများ လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ၂၀၁၀ ခုနှစ်မှာ ဆိုက်ရောက်ဗီဇာကို စတင်ပေးခဲ့ပေမဲ့ အထွေထွေရွေးကောက်ပွဲ မတိုင်မီမှာ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းမှာ ဆိုက်ရောက်ဗီဇာကို ရန်ကုန်လေဆိပ်မှာ လျှောက်ထားနိုင်မှာ ဖြစ်ပြီး နောက်ဆိုရင် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေမှာလဲ လျှောက်လို့ရမှာ ဖြစ်ပါတယ်။

Ref : AP

India firms Myanmar ties during historic visit


အိန္ဒိယ ဝန်ကြီးချုပ် မန်းမိုဟန်း ဆင်း (Manmohan Singh) ဟာ သမိုင်းဝင်တဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ သဘောတူချက် တလှေကြီးကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင်လုပ်ငန်း တိုးချဲ့ဖို့ပါ။ တဖက်မှာ ဒေသတွင်း ပြိုင်ဖက်ဖြစ်တဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို ဟန့်တားနိုင်ဖို့ ကြိုးစားမှု တစ်ရပ်လဲ ဖြစ်ပါတယ်။

မစ္စတာ မန်းမိုဟန်း ဆင်းဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံးသော အိန္ဒိယ ဝန်ကြီးချုပ် ဖြစ်ပါတယ်။ မစ္စတာ မန်းမိုဟန်း ဆင်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ မြန်မာတို့က လုံခြုံရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ၁၂ ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မစ္စတာ မန်းမိုဟန်း ဆင်းဟာ မနက်ဖြန်မှာ ရန်ကုန်ကို ခရီးဆက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ 


Ref : AFP

Myanmar president delays Thai trip amid Suu Kyi visit


မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုအပတ် ထိုင်းနိုင်ငံကို သွားရောက်မဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမရဲ့ ၂၄ နှစ်အတွင်း ပထမဦးဆုံးသော နိုင်ငံခြားခရီးစဉ်ကို မူလအစီအစဉ်အတိုင်း သွားရောက်မှာ ဖြစ်တယ်လို့ ဘန်ကောက်က အရာရှိက ပြောပါတယ်။

ဦးသိန်းစိန်ဟာ မူလက မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ ရက်အထိ ဘန်ကောက်မှာ ကျင်းပမဲ့ ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်ဖို့ စီစဉ်ထားတာပါ။ ဒေါ်စုကလဲ ဒီဖော်ရမ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ဘာကြောင့် ရွှေ့ဆိုင်း ရသလဲဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ က Thani Thongpakdi က သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင်ခရီးစဉ်ကို  ဇွန်လ ၄ ရက်အထိ ရွှေ့ဆိုင်းဖို့ မြန်မာနဲ့ ထိုင်း သက်ဆိုင်ရာတွေက အတူ ဆုံးဖြတ်ခဲ့တာလို့ ဆိုပြီး ဒေါ်စုကတော့ မူလအစီအစဉ်အတိုင်း သွားရောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။



Ref : AFP

Friday, May 25, 2012

NLD : Indian PM to meet Suu Kyi


အိန္ဒိယ ဝန်ကြီးချုပ် မန်းမိုဟန်း စင်း (Manmohan Singh) က နောက်အပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာလဲ ၂၅ နှစ်ကြာပြီးနောက် အိန္ဒိယ ဝန်ကြီးချုပ် ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်ခြင်း ဖြစ်ပါတယ်။

အတိတ်မှာ အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိတာမို့ အများက ဝေဖန်ခဲ့ကြပါတယ်။ အခုတခေါက် မစ္စတာစင်း ဒေါ်စုနဲ့တွေ့ဆုံဖို့ စီစဉ်ထားတာဟာ ဒေလီအာဏာပိုင်တွေက မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူများနဲ့ ထိတွေ့လိုကြောင်း လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက အင်္ဂါနေ့မှာ တွေ့ဖို့ စီစဉ်ထားလို့ ဒေါ်စုရဲ့ ဘန်ကောက်ခရီးစဉ်ကို နောက်ရွှေ့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်စုက ကမ္ဘာ့စီးပွားရေး ဖော်ရမ်ကို တက်ရောက်ဖို့ အင်္ဂါနေ့ ညနေပိုင်းမှာ ရန်ကုန်က ထွက်ခွာမှာ ဖြစ်ပါတယ်။

မစ္စတာစင်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တနင်္လာနေ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Ref : AFP

Thursday, May 24, 2012

Suu Kyi to receive honorary Oxford doctorate


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့မိခင်ကျောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းဖို့ရှိတယ်လို့ အောက်စ်ဖို့ဒ်က ၂၄ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဒေါ်စုကရဲ့ အသက် ၆၇ နှစ်ပြည့်ပြီးနောက်တစ်ရက် ဇွန်လ ၂၀ ရက်နေ့မှာ တရားမ ဥပဒေပညာရပ် ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံယူမှာပါ။ ဒီဘွဲ့ကို အောက်စ်ဖို့ဒ်က ၁၉၉၃ ခုနှစ်မှာ ဒေါ်ဆုကို ချီးမြှင့်ပေးခဲ့တာ ဖြစ်ပေမဲ့ ဒေါ်စု နေအိမ်အကျယ်ချုပ် ကျခံနေရတာကြောင့် ကိုယ်တိုင်သွား မယူနိုင်ခဲ့ပါဘူး။

အောက်စ်ဖို့ဒ်တက္ကသိုလ် ဒုတိယ အဓိပတိ အန်ဒရူး ဟမ်မီတန် (Andrew Hamilton) က ဒေါ်စု မိခင်ကျောင်းကို ပြန်လာနိုင်တာ ဝမ်းမြောက်မိပါကြောင်း၊ ဘွဲ့နှင်းသဘင် အခမ်းအနားကိုလဲ မျှော်လင့်နေကြောင်း ပြောပါတယ်။

ဒေါ်စုဟာ ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေး ပညာရပ်တွေကို ဆည်းပူးခဲ့ပြီး ကျောင်းပြီးနော့ မိုက်ကယ် အဲရစ်နဲ့ အိမ်ထောင်ကျကာ အောက်စ်ဖို့ဒ်မြို့မှာ အခြေချခဲ့တာ ဖြစ်ပါတယ်။ 

Ref : AFP

Suu Kyi: Reforms bearing 'buds,' not fruit


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း လတ်တလော အပြောင်းအလဲတွေနဲ့ပတ်သက်လို့ ဒီတစ်နှစ်တာ ပြုပြင်ပြောင်းလဲမှုတွေဟာ ပန်းတစ်ပွင့် ဖူးခါစ အဆင့်သာ ရှိသေးတာ သတိရှိဖို့လိုကြောင်း ၂၄ ရက်နေ့က ပြောလိုက်ပါတယ်။

အမေရိကန် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဗီဒီယိုကနေတဆင့် ဒေါ်စုက လူထုရဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ ဖူးစပြုလာတာ - အသီးအပွင့်လို့ မဆိုဘူး - တွေ့ရလို့ ပြည်သူတစ်ရပ်လုံးအတွက် အားရစရာပါ။ အဖူးအဆင့်ကနေ အပွင့်ဖြစ်တဲ့အထိ အပွင့်ကနေ အသီးဖြစ်လာတဲ့အထိ အချိန်ပေးဦးမယ်ဆိုပေမဲ့ ဖူးစပြုနေပြီဆိုတာ ဝမ်းသာစရာပါလို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ပညာရေးနဲ့ ပတ်သက်လို့ တက္ကသိုလ်တွေမှာ အလုပ်ခွင်နဲ့ ကိုက်ညီမဲ့ အခြေခံ ပညာရေးကို သင်မပေးနိုင်လို့ မြန်မာနိုင်ငံမှာ ဘွဲ့ရ အလုပ်လက်မဲ့တွေ ဒုနဲ့ဒေးနဲ့ ရှိတယ်လို့ ဒေါ်စုက ထောက်ပြပါတယ်။ ဒေါ်စုကလဲ ဂျွန်ဟော့ပ်ကင်းအပါအဝင် အခြား အမေရိကန် ပညာရေးဌာနတွေက မြန်မာ့လူငယ်တွေရဲ့ အတတ်ပညာ တိုးတက်မှုရှိလာအောင် တဖက်တလမ်းက ကူညီဖို့လဲ တိုက်တွန်း ထားတယ်။

ဒေါ်စုကို ဂျွန်ဟော့ပ်ကင်းက တရားမ ဥပဒေ ပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

Ref : AFP

Suu Kyi to make landmark foreign trip next week


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာပြည် ပြန်ပြီးနောက် ၂၄ နှစ်တာ အတွင်း ပထမဦးဆုံးသော နိုင်ငံခြားခရီးစဉ်အဖြစ် နောက်အပတ်ထဲမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမဲ့ ကမ္ဘာ့စီးပွားရေးဖော်ရမ်ကို တက်ရောက်ဖို့ ရှိပါတယ်။

အန်အယ်လ်ဒီရဲ့ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဒေါ်စုဟာ ထိုင်းနိုင်ငံသွားပြီး ဖော်ရမ်ကို တက်ရောက်မှာ ဖြစ်တယ်လို့ ၂၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒေါ်စုဟာ ၂၈ ရက်နေ့မှာ ဘန်ကောက်ကို ရောက်ရှိမှာဖြစ်တယ်လို့ ပြောထားပေမဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

အစိုးရ အကြီးတန်းအရာရှိကြီးများ စီးပွားရေး လုပ်ငန်း ဦးဆောင်သူများ ပါဝင်တက်ရောက်မဲ့ ဒီဖော်ရမ်ကို မေ ၃၀ ကနေ ဇွန်လ ၁ ရက်နေ့အထိ ဘန်ကောက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလဲ ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ အစိုးရ အရာရှိတစ်ဦးက ဆိုပါတယ်။

နိုင်ငံကူး လက်မှတ်ရရှိထားပြီးဖြစ်တဲ့ ဒေါ်စုက ဥရောပကို သွားရောက်ဖို့ရှိပြီး ဇွန် ၁၄ ရက်နေ့ ဂျနီဗာရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းမှာ ဟောပြောမှာ ဖြစ်ပါတယ်။ ၁၆ ရက်နေ့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ၁၉၉၁ ခုနှစ်က ချီးမြှင့်ခံထားရတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုယ်တိုင်လက်ခံ ယူဖို့ရှိတဲ့အပြင် မိန့်ခွန်းပြောဦးမှာ ဖြစ်ပါတယ်။

နော်ဝေးကတဆင့် မိသားစုနဲ့အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ ဗြိတိန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့မှာ လွှတ်တော်သို့ သွားရောက် လည်ပတ်ကာ ဟောပြောမှာ ဖြစ်ပါတယ်။

စစ်အစိုးရဟောင်းလက်ထက်က ပြည်ဝင်ခွင့်ပြန်မပေးမှာ စိုးလို့ အမိမြေမှ တစ်ဖဝါးမှ မခွာခဲ့တဲ့ ဒေါ်စု အခုတခေါက် နိုင်ငံခြားကို စိတ်ချလက်ချ ထွက်ဖို့ စီစဉ်ထားတာကို ကြည့်ရင် လက်ရှိအစိုးရအပေါ် ယုံကြည်မှု ပိုရှိလာတယ်ဆိုတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ 

Ref : AFP, AP

Thursday, May 17, 2012

Obama eases investment curbs on Myanmar, names ambassador


အမေရိကန် သမ္မတ ဘာရတ်ခ် အိုဘားမားက အခုမှ အစပျိုးခါစ ရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပိုမိုမြန်ဆန်လာအောင် အားပေးတဲ့အနေနဲ့ နှစ် ၂၀ ကျော်အတွင်း ပထမဦးဆုံးသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို ခန့်အပ်လိုက်ပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အဟန့်အတား တချို့ကို ဖြေလျှော့ ပေးလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုဆိုင်ရာ ဥပဒေတွေကိုတော့ ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရက ငွေရေးကြေးရေး လုပ်ငန်းတချို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ ဒီမိုကရေစီ ခြေလှမ်း နှောင့်နှေးကြံ့ကြာ စေဖို့ ကြိုးစားသူတွေ အကျိုးခံစားခွင့် ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်ဖက်နှင့် ပူးတွဲလုပ်ကိုင်မှုကိုတော့ တားဆီးထားဆဲ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက နိုင်ငံရေးခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေးရာ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အထက်လွှတ်တော်က အတည်ပြုပေးနိုင်ဖို့ ခန့်အပ်လိုက်ပါတယ်။ မြန်မာနိုင်ငံဘက်က လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ် ဦးသန်းရွှေကို အမေရိကန်ဆိုင်ရာ သံအမတ်အဖြစ် စေလွှတ်မှာ ဖြစ်ပါတယ်။

အရင် စစ်အစိုးရက ရှစ်လေးလုံး အရေးအခင်းကို နှိပ်ကွပ်ခဲ့တာရယ်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုတာရယ်ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို ပြည်တော်ပြန်ဖို့ ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

Ref : AFP

Clinton wants Myanmar's remaining political prisoners freed


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ပေးဖို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။    
          
မြန်မာအစိုးရဟာ အခုနှစ် ဇန်နဝါရီလထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ ဒီ့နောက်မှာ အမေရိကန်က မြန်မာနိုင်ငံနဲ့ တင်းပြည့်ကျပ်ပြည့် ပြန်လည်ဆက်ဆံဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံအခြေစိုက်တဲ့ နိုင်ငံရေးအကျဉ်းသား အကူအညီပေးရေးအသင်းက အကျဉ်းသား ၉၀၀ ကျော်ကျန်သေးတယ်လို့ ဆိုနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၃၀ လောက် အကျဉ်းထောင်ထဲ ရှိနေသေးတယ်လို့ ပြောပါတယ်။

ဦးဝဏ္ဏမောင်လွင်က ဥရောပသမဂ္ဂနဲ့ အမေရိကန်ထံက ရရှိထားတဲ့ စာရင်းပါ အကျဉ်းသား အားလုံးနီးပါးကို လွှတ်ပေးပြီးဖြစ်တယ် အခုဆက်ချုပ်ထားသူတွေက ရာဇဝတ်မှုနဲ့ ဒါမှမဟုတ် အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေသူတွေ ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အချိန်သင့်ရင် လွတ်ငြိမ်းချမ်းသာခွင့် နောက်ထပ်ပေးဖို့ ရှိတယ်လို့ ပြောပါတယ်။

မစ္စကလင်တန်က အမေရိကန်ဟာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများနဲ့ တိုက်ပွဲ အဆုံးသတ်ရေးကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်တယ်။ အစိုးရနဲ့ အစိုးရမဟုတ်တဲ့အုပ်စုအကြား အဓိပ္ပာယ်ရှိရှိ ဆွေးနွေးမယ်ဆိုတာ ကြားရလို့ ဝမ်းသာကြောင်း ပြောပါတယ်။

မစ္စ ကလင်တန်ကလဲ သမ္မတ ဦးသိန်းစိန်က မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု အဆုံးသတ်မယ်ဆိုတဲ့ သတင်းကြောင့် အားရကျေနပ်မိကြောင်း ဦးဝဏ္ဏမောင်လွင်ကလဲ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ နျူကလီယားလက်နက် မပျံ့ပွားရေးစာချုပ်ပါ ဝတ္တရားတွေကို စောင့်ထိန်းသွားမယ်လို့ အာမခံကြောင်း ပြောပါတယ်။ 


Ref : AFP

Obama maintains US sanctions on Myanmar

အမေရိကန် သမ္မတ ဘာရတ်ခ် အိုဘားမား (Barack Obama) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုကို ဆက်လက် ထားရှိမှာဖြစ်တယ်လို့ ကြေညာလိုက်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ တိုးတက်မှုတွေ ရှိပေမဲ့လဲ နိုင်ငံရေးအပိုင်းက တံခါးဖွင့်ဝါဒဟာ ရင့်ကျက်မှု မရှိသေးဘူးလို့ သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်လက်အောက်မှာ ဖြစ်ပွားနေတဲ့ အပြောင်းအလဲတွေကို အားပေးတဲ့အနေနဲ့ ဥရောပ၊ အာရှနဲ့ အမေရိကန်က နိုင်ငံရေးခေါင်းဆောင်တွေ စီးပွားရေးသမားတွေက ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ နိုးဆော်တယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုအပတ်ထဲမှာ မြန်မာနိုင်ငံရဲ့ လတ်တလော အပြောင်းအလဲတွေဟာ နောက်ပြန်မလှည့်တဲ့ ပြောင်းလဲမှုလို့ မပြောနိုင်သေးတာကြောင့် အကောင်းမြင်လွန်းနေတာကို သတိရှိကြဖို့ ပြောခဲ့ပါတယ်။

မစ္စတာ အိုဘားမားက မြန်မာနိုင်ငံမှာ အရေးပါတဲ့ တိုးတက်မှု တစုံတရာရှိနေပြီဆိုပေမဲ့ နိုင်ငံရေး အကျဉ်းသား ရှိနေသေးခြင်း၊ တိုင်းရင်းသား ဒေသအတွင်း အဆုံးမသတ်သေးတဲ့ တိုက်ပွဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် အရေးကိစ္စ အတော်များများကို ဂရုစိုက်ဖို့ လိုနေသေးတယ်လို့ ကွန်ဂရက် လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ ကြေညာချက်ကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့ ဝါရှင်တန်မှာ ပထမဆုံးအကြိမ် မတွေ့ဆုံခင် နာရီပိုင်းအလိုမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

Ref : AFP

Myanmar holds first gay pride celebrations


မြန်မာနိုင်ငံမှာ ဒီကနေ့ ပထမဦးဆုံးသော လိင်တူချစ်သူများအဖြစ် ဂုဏ်ယူကြတဲ့ အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ ဒါဟာလဲ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ လူမှုရေး လွတ်လပ်တဲ့ လက္ခဏာ တစ်ရပ်ပါ။

ရန်ကုန်မြို့ ဟိုတယ်တစ်ခုမှာ ကျင်းပတဲ့ အခမ်းအနားကို လူ ၄၀၀ လောက် တက်ရောက်ကြပြီး နိုင်ငံတကာ လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှု ဆန့်ကျင်ရေးနေ့ (International Day against Homophobia and Trans-phobia) အထိန်းအမှတ်အနေနဲ့ ဂီတနဲ့ အကဖြေဖျော်မှုများ၊ ဟောပြောပွဲများ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

လိင်တူချစ်သူ မိတ်ကပ်သမား မင်းမင်းက ကိုယ့်နဲ့တူအုပ်စုနဲ့ အတူတက်ရောက်ခွင့်ရတာ ဝမ်းသာပါတယ်။ အရင်ကဆိုရင် ဒီလိုမလုပ်ရဲကြဘူး။ ဒီပွဲကျင်းပဖို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ရတာ။ ဒီနေ့တော့ တကယ်ဖြစ်မြောက်သွားပြီလို့ အေအက်ပ်ဖီကို ပြောပါတယ်။

ကိုလိုနီခေတ်က အတည်ပြုခဲ့တဲ့ ပြစ်မှုဆိုင်ရာ ကိုဒဥပဒေအရ မြန်မာနိုင်ငံမှာ လိင်တူသူအချင်းချင်း မေတ္တာမျှခြင်းကို ရာဇဝတ်မှုလို့ ယူဆပေမဲ့ တင်းတင်းကျပ်ကျပ် အရေးယူတာတော့ မရှိပါဘူး။ ဒါပေမဲ့ အာဏာပိုင်တွေက ဒီဥပဒေကို ခုတုံးလုပ်ပြီး ခွဲခြားဆက်ဆံတာမျိုး၊ ခြိမ်းခြောက်တာမျိုး ရှိနေတုန်းပဲလို့ လိင်တူချစ်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ရန်ကုန်အပါအဝင် မန္တလေး၊ ကျောက်ပန်းတောင်းနဲ့ မုံရွာမြို့တွေမှာ အလားတူ အခမ်းအနားတွေ ကျင်းပတယ်လို့ လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးမင်းက ပြောပါတယ်။ တခြား ပိုမိုလွတ်လပ်တဲ့ နိုင်ငံများမှာလိုတော့ စီတန်းလှည့်လည်ပွဲတွေ မပါပဲ ပြဇာတ်များ မှတ်တန်းတင်ရုပ်ရှင်များ ပြသခြင်း၊ ဂီတဖျော်ဖြေရေးနဲ့ စာပေဟောပြောပွဲတွေနဲ့ အထိန်းအမှတ်ပွဲ လုပ်တာ ဖြစ်ပါတယ်။

ကိုအောင်မျိုးမင်းက အရင်ကဆိုရင် ဒီလိုအခမ်းအနား တက်ရောက်တာကို အစိုးရကို ဆန့်ကျင်ဖို့ ဆန္ဒပြသူတွေလို့ အထင်ခံရတယ်။ ဒါပေမဲ့ အခုတော့ လိင်တူချစ်သူ အသိုင်းအဝိုင်း (lesbian, gay, bi-sexual and transgender, LGBT) က သူတို့ရဲ့ လိင်ခံယူမှုကို ပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ပြဖို့ သတ္တိရှိလာကြပြီလို့ ဆိုပါတယ်။

ကိုအောင်မျိုးမင်းကလဲ အခုလို နိုင်ငံတကာ အထိန်းအမှတ်နေ့မှာ ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူများအဖို့ အားဖြစ်စေတယ်လို့ ဆိုပြီး လိင်တူဆက်ဆံခြင်းကို ရာဇဝတ်မှုလို့ သတ်မှတ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းသင့်တယ်လို့ နိုးဆော်လိုက်ပါတယ်။ 

Ref : AFP