အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံအတွင်း ကနဦးအဆင့်ရှိ လတ်တလော အပြောင်းအလဲတွေကို ဝါရှင်တန်က လက်တွေ့သိရှိနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မှာဖြစ်တယ်လို့ ၁၈ ရက်နေ့က ပြောလိုက်ပါတယ်။ ကလင်တန် မြန်မာနိုင်ငံသို့ သွားဖြစ်လျှင် နှစ် ၅၀ အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်ရှိနေတဲ့ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် တိုက်ရိုက် စကားပြောဖြစ်ပြီးမှ အခုလို ဆုံးဖြတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာလဲ မြန်မာနိုင်ငံအတွင်း တိုးတက်မှုတွေရှိပေမဲ့ အခုထက် ပိုမို လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ထောက်ပြပါတယ်။
အိုဘားမားက မနေ့ညက ဒေါ်စုနဲ့ တိုက်ရိုက် ဖုန်းပြောဖြစ်တယ်။ ဒေါ်စုက အမေရိကန်ရဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ရေး လမ်းစဉ်ကို ထောက်ခံကြောင်း အတည်ပြုခဲ့တယ်လို့ ပြောပါတယ်။ အိုဘားမားက သမ္မတစီးတော်ယာဉ် လေယာဉ်ပေါ်ကနေ ဖုန်းဆက်တာ ဖြစ်ပါတယ်။
ကလင်တန်က နောက်လထဲမှာ သွားဖို့စီစဉ် ထားပါတယ်။ အကယ်လို့ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လမ်းစဉ်က သွေဖီနေတာ တွေ့ရရင် မြန်မာနိုင်ငံက စီးပွားရေး ပိတ်ဆို့မှု၊ ဖယ်ကျဉ်ခံရမှုတွေနဲ့ ဆက်လက် ရင်ဆိုင်ရမှာဖြစ်တယ်လို့ အိုဘားမားက ပြောပါတယ်။
အိုအားမားကလဲ နှစ်ရှည်လများ အမှောင်ပိတ်နေတဲ့ မြန်မာနိုင်ငံမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်လာတဲ့ တိုးတက်မှု ကြယ်ပွင့်လေးတွေကို မြင်တွေ့ရပြီဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ တံခါးပိတ် နိုင်ငံရေးစနစ်၊ တိုင်းရင်းသားများကို ဆက်ဆံပုံ၊ နိုင်ငံရေးအကျဉ်းသားနဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေး စတဲ့ပြဿနာတွေကို အမေရိကန်က ဂရုစိုက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လဲ ဝါရှင်တန်ဘက်က သမိုင်းတင်နိုင်လောက်တဲ့ အခွင့်အရေးကို အမိအရ ဖမ်းထားချင်ပါတယ်။ အကယ်လို့ မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းမပေါ်မှာ ဆက်လက် လျှောက်လှမ်းသွားမယ်ဆိုရင် အမေရိကန်နဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မှာဖြစ်တယ်ဆိုတဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ပျက်ပျက်သားသား ဖော်ပြလိုတယ်လို့ အိုဘားမားက ပြောပါတယ်။
ကိုးကား - AFP