Sunday, January 29, 2012

Suu Kyi calls for changes to constitution


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ကြေညာပြီးတဲ့နောက် ၂၉ ရက်နေ့က ထားဝယ်မှာ သူမရဲ့ ပထမဦးဆုံးသော နိုင်ငံရေး ခရီးစဉ်ကို စတင်ခဲ့တာ ထောင်နဲ့ချီတဲ့ လူထုက ကြိုဆိုကြပါတယ်။

ဒေါ်စုက ထားဝယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝမ်ထမ်းတွေနဲ့ ဆွေးနွေးအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဆော်ဩလိုက်ပါတယ်။ ဒေါ်စုက ဥပဒေတချို့ဟာ လူထုရဲ့ လွတ်လပ်ခွင့်တွေအတွက် အတားအဆီးတွေဖြစ်တာမို့ လွတ်တော်ဘောင်အတွင်းမှာ ဒီဥပဒေတွေကို ဖျက်သိမ်းနိုင်ဖို့ ကြိုးစားမယ်လို့ ထောက်ခံသူ လူထုကြီးကို ပြောပါတယ်။

ဒေါ်စုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်လိုတယ်။ အထူးသဖြင့် စစ်ဘက်က လူထုရဲ့ ရွေးကောက်တင်မြောက်မှု မလိုအပ်ဘဲ လွတ်တော်ရဲ့ အမတ်နေရာ လေးပုံတစ်ပုံကို ရယူထားခြင်း၊ တိုင်းပြည် အရေးပေါ်အခြေအနေမှာ စစ်ဘက်က အုပ်ချုပ်ရေးအာဏာကို ထိန်းချုပ်ခွင့်ရှိခြင်း၊ အရေးပါတဲ့ ဝန်ကြီးတွေကို ခန့်အပ်ခွင့်ရှိခြင်း စတဲ့ စစ်ဘက်ရဲ့ အခန်းကဏ္ဍကို ပြန်ပြောင်း သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။

Thursday, January 19, 2012

President Thein Sein says no turning back on reforms


မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမေရိကန် ဝါရှင်တန်ပို့စ် ၂၀ ရက်နေ့မှာ ဖော်ပြတဲ့ အင်တာဗျူးတစ်ရပ်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်ကို ရှေ့ရှုတဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မျာ ဖြစ်တယ်။ လမ်းမှန်ပေါ် ရောက်နေပြီဆိုတော့ ရှေ့ဆက်ဖို့ပဲရှိတယ်။ နောက်ပြန်ဆုတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါဟာလဲ သမ္မတ ဦးသိန်းစိန် ရာထူးတက်လာပြီးနောက် အနောက်တိုင်း သတင်းမီဒီယာနဲ့ ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ အင်တာဗျူးဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က သူ့အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ လွတ်ပေးပြီးဖြစ်တယ်။ ဧပြီလ ၁ ရက်နေ့မှာ လွတ်တော်ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့လဲ စီစဉ်ထားပြီးဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ဝင်ပြိုင်ခွင့်ပြုထားပြီးဖြစ်လို့ အနောက်တိုင်း နိုင်ငံတွေရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီပြီးဖြစ်တယ်တာကြောင့် အနောက်တိုင်းနိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းဖို့ နိုးဆော်ထားပါတယ်။

သမ္မတက ပိတ်ဆို့အရေးယူမှုကြောင့် အရင် စစ်အစိုးရဟောင်းရဲ့ ခေါင်းဆောင်တွေထက် ပြည်သူလူထုကို ပိုပြီး နစ်နာထိခိုက်စေတဲ့အပြင် တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု ခြေလှမ်းနှေးဖင့်စေတယ်လို့ ပြောပါတယ်။

ဒေါ်စုရွေးကောက်ပွဲမှာ ဝင်ပြိုင်တာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က လူထုက သူမကို လွတ်တော်အမတ်အဖြစ် မဲပေးရွေးကောက်မယ်ဆိုရင် လွတ်တော်က ကြိုဆိုမှာ သေချာပါတယ်။ အကယ်လို့ လွတ်တော်က သဘောတူ အတည်ပြုမယ်ဆိုရင် သူမက အစိုးရ ဝန်ကြီးဖြစ်လာမှာကို လက်ခံရမှာ ဖြစ်တယ်လို့ ဖြေကြားထားပါတယ်။

Singer, ex-prisoner join Myanmar by-election


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လာမဲ့ ဧပြီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဝင်ပြိုင်မဲ့သူတွေထဲမှာ ဟစ်ဟော့ပ် အဆိုတောနဲ့ မကြာခင်ကမှ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားလဲ ပါတယ်လို့ ၁၉ ရက်နေ့မှာ ပြောပါတယ်။

အန်အယ်လ်ဒီက ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာအားလုံးအတွက် ဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ်စားလှယ်လောင်း ၄၈ ဦးရဲ့ အမည်စာရင်းကိုလဲ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒေါ်စုက ၁၈ ရက်မနက်ပိုင်း သန်လျင်ရှိ ကော်မရှင်ရုံးမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ၈၈ မျိုးဆက် အဖွဲ့ဝင် မဖြူဖြူသိန်း၊ မစန္ဒာမင်း၊ ကိုဖြိုးမင်းသိန်း၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ထူထောင်မှုနဲ့ ထောင်ကျခဲ့တဲ့ ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော် တို့ကလဲ အန်အယ်လ်ဒီ ကိုယ်စားဝင်ပြိုင်ဖို့ ရှိပါတယ်။

မဖြူဖြူသိန်းက ဘာကတိမှတော့ အတိအကျ မပေးနိုင်သေးဘူး။ ဒါပေမဲ့ လူထုက နိုင်ငံရေး ဖြစ်စဉ်အတွင် ပါဝင်လာဖို့ အားပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး စည်းရုံးရေး လှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

Tuesday, January 17, 2012

Daw Suu registers for parliament seat



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီမှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ၁၈ ရက်နေ့က သံလျင်မြို့ရှိ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းအဖြစ် အမည် စာရင်းတင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒေါ်စုဟာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ကော့မှူးမြို့နယ်ဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့် နယ်မြေဖြစ်ပြီး ဆင်းရဲနွမ်းပါးသူ အများစု နေထိုင်ရာမြို့နယ် ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အခုတခေါက် ပြည်သူ့လွတ်တော်မှာ အမတ်နေရာ ၄၀၊ အမျိုးသားလွတ်တော်မှာ ၆ နေရာနဲ့ တိုင်းနဲ့ပြည်နယ်လွတ်တော်မှာ ၂ နေရာ ပေါင်း ၄၈ နေရာကို ရွေးကောက်မှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်လောင်း ၄၄ ဦး ဝင်ပြိုင်မယ်လို့ သိရပါတယ်။

ဒေါ်စုသာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ဒေါ်စုဟာ လွတ်တော်မှာ ပထမဦးဆုံးအကြိမ် ပြည်သူတွေရဲ့ကိုယ်စား ပြောဆိုနိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

Monday, January 16, 2012

Thura Shwe Mann : democracy only way


အနောက်တိုင်း နိုင်ငံများက ကြိုဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု တသီတတန်း လုပ်ဆောင်ခဲ့ပြီးနောက် ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီမိုကရေစီကလွဲလို့ မြန်မာနိုင်ငံအဖို့ အခြားလမ်း မရှိတော့ဘူးလို့ ပြောပါတယ်။

လက်ရှိအစိုးရအတွင်း အာဏာအရှိဆုံးသူအဖြစ် အများက ယူဆထားတဲ့ သူရ ဦးရွှေမန်းက မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီ စနစ်အဖြစ် ပြောင်းလဲနေပြီဖြစ်တယ်။ ဒီပြောင်းလဲမှုဟာ မလွယ်ကူလှဘူးလို့ အေအက်ဖ်ပီနဲ့ အင်တာဗျူးတစ်ရပ်မှာ ပြောကြားလိုက်ပါတယ်။

သူရ ဦးရွှေမန်းက ဒါဟာ စစ်မှန်တဲ့ ခံယူချက်ဖြစ်တယ်။ ဒီမိုကရေစီစနစ်ကလွဲလို့ တခြားလမ်းမရှိဘူး။ ဒီမိုကရေစီ စနစ်ဖြစ်လာဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ပြောရခက်ပေမဲ့ ပန်းတိုင်ရောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ လတ်တလော တိုးတက်မှုအသစ်တွေက ဒီမိုကရေစီ ဖြစ်မြောက်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းတွေကို အားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒေါ်စုကလဲ ပြောင်းလဲမှုတွေကို စစ်ဘက်က လုံးဝထောက်ခံသလား ဆိုတာတော့ အတိအကျ မသိနိုင်သေးဘူး။ ဒီမိုကရေစီကို မထောက်ခံသူတွေက အာဏာလုမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေသေးတယ်။ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။

သူရ ဦးရွှေမန်းက​ ဒီအချက်ကို ငြင်းပယ်လိုက်ပါတယ်။ လာမဲ့ အနာဂတ်မှာ ဖြစ်ပွားမယ်လို့ မထင်ကြောင်း၊ အစိုးရက လူထုနဲ့ တိုင်းပြည်ရဲ့ အခြေအနေကို နားလည်ပါတယ်။ တပ်မတော်ကလဲ လူထုနဲ့ တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဖြေရှင်းလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူရ ဦးရွှေမန်းက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံပါတယ်။ အကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ဆွေးနွေးဖို့ အခွင့်အရေးရှိတာကြောင့် သူမကို စောင့်မျှော်နေမှာပါလို့ ပြောပါတယ်။

Saturday, January 14, 2012

Taiwan's Ma wins second term as president



တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ပိုမိုနီးကပ်ရေး အဆိုပြုတဲ့ ထိုင်ဝမ်သမ္မတ မာယင်းကျိုဟာ ၁၄ ရက်နေ့ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ နောက်ထပ် ရာထူးသက်တမ်း ၄ နှစ်အတွက် အနိုင်ရလိုက်ပြီ ဖြစ်ပါတယ်။

မာယင်းကျိုဟာ ပြီးခဲ့တဲ့ ၄ နှစ်သက်တမ်းအတွင်း ထိုင်ဝမ်နဲ့ပြည်မအကြား လေယာဉ် တိုက်ရိုက်ပျံသန်းနိုင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ် ခရီးသည်တွေ ထိုင်ဝမ်ကို လာလည်ဖို့ ခွင့်ပြုရေး အပါအဝင် သဘောတူညီချက် ၁၂ ရပ်ကို တရုတ်ပြည်မနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါဟာလဲ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ပွဲအပြီး ထိုင်ဝမ်နဲ့ ပြည်မ သီးခြားခွဲ အုပ်ချုပ်ခဲ့ချိန်ကစ နှစ် ၆၀ အတွင်း ဆက်ဆံရေး အကောင်းမွန်ဆုံး အချိန်အခါ ဖြစ်ပါတယ်။

မာယင်းကျိုက မဲအရေအတွက် ၅၁% အနိုင်ရပြီးနောက် ကွန်မင်တန်ပါတီ ထိုင်ပေရှိ ဗဟိုဌာနချုပ်မှာ စုဝေးနေတဲ့ ထောက်ခံသူများကို ကျွန်တော်တို့နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ မာယင်းကျိုကလဲ လာမဲ့ ၄ နှစ်အတွင်း တရုတ်နဲ့ ဆက်ဆံရေး ပိုမို သဟဇာတဖြစ်စေမယ် နှစ်ဘက် ယုံကြည်မှုတွေ ပိုမိုခိုင်မာစေမယ်လို့ ကတိပြုပါတယ်။

မာယင်းကျိုရဲ့ အဓိကပြိုင်ဖက် ချိုက်ယင်းဝန်က မဲရှုံးပြီးနောက် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ ဒီပီပီရဲ့ ဥက္ကဋ္ဌ ရာထူးကနုတ်ထွက်မယ်လို့ ကြေညာပါတယ်။ ထိုင်ဝမ်ရဲ့ ပထမဦးဆုံးသော အမျိုးသမီး သမ္မတ ဖြစ်လာရေးအတွက် ကြိုးပမ်းခဲ့တဲ့ ချိုက်ယင်းဝန်က အခုတခေါက် ရွေးကောက်ပွဲမှာ မဲ ၄၆% နီးပါး ရရှိခဲ့ပါတယ်။

နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးက မာယင်းကျို အနိုင်ရလိုက်တာဟာ လူထုက သူ့ရဲ့ ထိုင်ဝမ်ပြည်မ မူဝါဒကို ယုံကြည်ကြောင်း ပြလိုက်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒီပီပီပါတီက ထိုင်ဝမ်လွတ်လပ်ရေးကို ပါတီလမ်းစဉ်အဖြစ် သတ်မှတ်ထားပြီး တရုတ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတာကို ဆန့်ကျင်သူဖြစ်ပါတယ်။

အခုတခေါက် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၁၈ သန်းကျော်ရှိပြီး မဲဆန္ဒရှင်အားလုံးရဲ့ ၇၄ % က မဲပေးခဲ့ကြပါတယ်။ အခုတခေါက်မှာ ဥပဒေပြုလွတ်တော် အမတ်များကိုလဲ တပြိုင်တည်း ရွေးကောက်ခဲ့ရာမှာ အာဏာရ ကွန်မင်တန်ပါတီက လွတ်တော်အမတ် ၁၁၃ နေရာအနက် ၆၄ နေရာကို ရရှိလိုက်ပါတယ်။ အရင်တခေါက် ၂၀၀၈ ခုနှစ် ၈၁ နေရာကနေ ၁၇ နေရာ လျော့နည်းသွားပေမဲ့ အမတ်နေရာအားလုံးရဲ့ တဝက်ကျော်ကို ထိန်းချုပ်ထားနိုင်မြဲဖြစ်တယ်။ အဓိက အတိုက်အခံဖြစ်တဲ့ ဒီပီပီကတော့ ၄၀ နေရာရလိုက်ပြီး အရင်တခေါက်ကထက် ၁၃ နေရာ တိုးလာပါတယ်။

Taiwan votes in presidential poll


ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ဥပဒေပြုလွတ်တော် အမတ်ရွေးကောက်ပွဲကို ၁၄ ရက်နေ့မှာ ကျင်းပရာမှာ နောက်လာမဲ့ ၄ နှစ်အတွင်း ထိုင်ဝမ်က တရုတ်ပြည်မကြီးနဲ့ မည်သို့မည်ပုံ ဆက်ဆံမလဲဆိုတာကို မဲဆန္ဒရှင်တွေက အဆုံးအဖြတ် ပေးမှာဖြစ်ပါတယ်။

အခုတခေါက်သမ္မတရွေးကောက်ပွဲဟာ ၁၉၉၆ ခုနှစ်ကစလို့ ပဉ္စမမြောက် လူထုကတိုက်ရိုက်မဲပေးတဲ့ ရွေးကောက်ပွဲဖြစ်ပြီး တရုတ်နဲ့ ဆက်ဆံရေး ပြေပြစ်မှုကို အဆိုပြုတဲ့ လက်ရှိသမ္မတ မာယင်းကျို၊ ပထမဦးဆုံးသော သမ္မတဖြစ်ဖို့ ကြိုးပမ်းနေတဲ့ ချုက်ယင်းဝန်၊ ၂၀၀၀ ပြည့်နှစ်မှာ သမ္မတအဖြစ်၊ ၂၀၀၄ ခုနှစ်မှာ ဒုသမ္မတအဖြစ် ဝင်ရွေးရာမှာ ရှုံးခဲ့တဲ့ တသီးပုဂ္ဂလ ဆုန့်ချူယွီတို့ ဝင်ပြိုင်ကြပါတယ်။

ထိုင်ဝမ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လူထုစစ်တမ်းတွေကို ရွေးကောက်ပွဲမတိုင်ခင် ၁၀ ရက် တနည်းအားဖြင့် ဇန်နဝါရီလ ၄ ရက်ကစလို့ မထုတ်ပြန်ဖို့ တားမြစ်ထားပါတယ်။ ဒါပေမဲ့ ၄ ရက်နေ့က နောက်ဆုံး ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေအရ နှစ်ဖက်ထောက်ခံမှု အင်မတန်မှ နီးကပ်နေပါတယ်။ ကွန်မင်တန်ပါတီ သမ္မတလောင်း မာယင်းကျိုဟာ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ ဒီပီပီ သမ္မတလောင်း ချိုက်ယင်းဝန်ထက် ၃ ရာခိုင်နှုန်းပွိုင့်သာ အသာရရှိတာမို့ ဘယ်သူက အနိုင်ရမလဲဆိုတာ ပြောရခက်ပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေးကို ပါတီလမ်းစဉ်အဖြစ် သတ်မှတ်ထားတဲ့ ဒီပီပီက တရုတ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးကို ဆန့်ကျင်သူဖြစ်ပါတယ်။ အခုတခေါက် ရွေးကောက်ပွဲရလာဒ်ဟာ ထိုင်ဝမ်တရုတ် ဆက်ဆံရေးကို အဆုံးအဖြတ်ပေးမှာဖို့ အမေရိကန်၊ တရုတ်နဲ့ အခြားအိမ်နီးချင်း နိုင်ငံတွေက ထိုင်ဝမ်ရဲ့ ရွေးကောက်ပွဲကို မျက်စိဒေါက်ထောက် ကြည့်နေကြပါတယ်။

ဒီကနေ့ ထိုင်ဝမ်ရဲ့ ရာသီဥတုက သာယာတာမို့ မဲပေးနှုန်း ၈၀ ရာခိုင်နှုန်းလောက် ရှိလိမ့်မယ်လို့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပါတယ်။ ဒီကနေ့ မနက် ၈ နာရီကစ မဲထည့်ကြပြီး ညနေ ၄ နာရီမှာ အဆုံးသတ်ပါတယ်။ မဲအရေအတွက် နောက်ဆုံးရလာဒ်ကို ည ၁၀ နာရီနောက်ပိုင်း သိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Thursday, January 12, 2012

Myanmar to free leading dissident, ex-PM



မြန်မာအစိုးရက အထင်ကရ နိုင်ငံရေးအကျဉ်းသား ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ၁၃ ရက်နေ့မှာ လွှတ်ပေးလိမ့်မယ်လို့ ကိုမင်းကိုနိုင်ရဲ့ မိသားစုက ပြောပါတယ်။ ကိုမင်းကိုနိုင်ရဲ့ အစ်မဒေါ်ကြည်ကြည်ညွန့်က ဒီမနက်မှာ လွတ်လာလိမ့်မယ်လို့ သက်ဆိုင်ရာက အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

အကျဉ်းသား ၆၅၁ ကို သောကြာနေ့က စပြီး လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ကို အစိုးရ ရုပ်သံ သတင်းကနေ ကြာသပတေးနေ့ ညနေပိုင်းက ကြေညာ ခဲ့တာပါ။ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးရေး၊ နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးတဲ့အနေနဲ့ သမ္မတက အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာ ဖြစ်တယ်လို့  ကြေညာချက်မှာ ဖော်ပြ သွားပါတယ်။

လွတ်လာတဲ့အထဲ ၂၀၀၄ ခုနှစ်မှာ စစ်အစိုးရအတွင်း အာဏာအားပြိုင်မှုအပြီး ရာထူးမှ ဆင်းပေးရကာ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း၊ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်လဲ ပါမယ်လို့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးလိုက်လာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ရပ်လို့ ဆိုပါတယ်။


ref : AFP

Wednesday, January 11, 2012

ASEAN calls for end to Myanmar sanctions


အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က မြန်မာနိုင်ငံမှာ လတ်တလော တိုးတက်ပြောင်းလဲမှုတွေ ရှိလာပြီမို့ အနောက်တိုင်း နိုင်ငံတွေက မြန်မာအပေါ် ကျင့်သုံးနေတဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုကို ရုပ်သိမ်းသင့်ပြီလို့ ၁၁ ရက်နေ့မှာ နိုးဆော်လိုက်ပါတယ်။ 

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလိုက်တာ မကြာသေးတဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟုန် (Hor Namhong) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက်နေပြီဖြစ်တယ်လို့ ဆီယမ်ရိ(ဖ်)မှာကျင်းပတဲ့ ၂ ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီ စည်းဝေးပွဲအပြီး ပြောလိုက်ပါတယ်။

ဟော်နမ်ဟုန်က အာဆီယံက​နေ အခုလို နိုးဆော်ပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုတာဖြစ်ပြီး အာဆီယံတဖွဲ့လုံးကလဲ သဘောတူတယ်လို့ ဆိုပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံအတွင်း ကောင်းမွန်တဲ့ တိုးတက်မှုတွေကို သတိပြုနေပြီးဖြစ်လို့ စီးပွားရေး အရေးယူ ပိတ်ဆို့မှု ရုပ်သိမ်းရေးကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြတယ်လို့ ပြောပါတယ်။  
ref - AFP

Monday, January 9, 2012

Daw Suu confirms run for parliament seat


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အတည်ပြုလိုက်ပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ၁၀ ရက်နေ့မှာ ပြောပါတယ်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒေါ်စုဟာ ၉ ရက်နေ့က ကျင်းပတဲ့ ပါတီစည်းဝေးပွဲ တစ်ရပ်မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ဝင်ပြိုင်ဖို့ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်သူ့လွတ်တော်မှာ အမတ် နေရာ ၄၀၊ အမျိုးသားလွတ်တော်မှာ ၆ နေရာ၊ တိုင်းနဲ့ပြည်နယ် လွတ်တော်တွေမှာ ၂ နေရာ ပေါင်း ၄၈ နေရာ လစ်လပ်လျက်ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်လိုသူများဟာ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ 

ကိုးကား - AP

Thursday, January 5, 2012

Britain's Hague concludes historic Myanmar visit


ယူကေ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလီယမ် ဟိတ် (William Hague) ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ၆ ရက်နေ့မှာ သမိုင်းဝင်တဲ့ ၂ ရက်ကြာ ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

မစ္စတာဟိတ်ဟာ နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။ မစ္စတာဟိတ်ဟာ ၅ ရက်နေ့ မနက်ပိုင်းမှာ မြန်မာအစိုးရ ထိပ်တန်းအရာရှိများနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်ကို ခရီးဆက်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာအတူ သုံးဆောင်ခဲ့ပါတယ်။

မစ္စတာဟိတ်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လွတ်လပ်မှုအတွက် တိုးတက်မှုတွေ ပိုမိုဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။ သူတို့နှစ်ဦး တွေ့ဆုံပြီးနောက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ မစ္စတာဟိတ်က မြန်မာအစိုးရဟာ ယူကေက တိုက်တွန်းထားသလို လုပ်ရပ်နဲ့ သက်သေပြသွားမယ်ဆိုရင် ဗြိတိသျှ အစိုးရဘက်က အပေါင်းလက္ခဏာဆောင်တဲ့ တုန့်ပြန်မှု ပေးဖို့ အသင့်ပဲလို့ ပြောပါတယ်။

NLD party approved in Myanmar



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံပြန်တင်ဖို့ လျှောက်ထားချက်ကို မြန်မာအစိုးရက တရားဝင် ခွင့်ပြုလိုက်ပြီလို့ အဖွဲ့ချုပ်က ဒီမိုကရေစီဖြစ်စဉ်မှာ တရားဝင် ပါဝင်နိုင်တော့မှာ ဖြစ်တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက ၅ ရက်နေ့မှာ ပြောပါတယ်။         
          
ဦးဉာဏ်ဝင်းကလည်း တနင်္လာနေ့ကစလို့ ပါတီဝင် လျှောက်လွှာတွေကို စတင် လက်ခံတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်အရ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်လိုသူတွေဟာ ဇန်နဝါရီလ ၁၆ ရက်နေ့ကစ ၃၁ ရက်နေ့အထိ စာရင်းပေး လျှောက်ထားရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူ့လွတ်တော်မှာ အမတ်နေရာ ၄၀၊ အမျိုးသားလွတ်တော်မှာ ၆ နေရာနဲ့ တိုင်းနဲ့ပြည်နယ် ဒေသကြီးတွေမှာ ၂ နေရာ စုစုပေါင်း ၄၈ နေရာ လစ်လပ်နေပါတယ်။ ဒါပေမဲ့ အမတ်နေရာ အားလုံးကို အနိုင်ရတယ်ဆိုဦးတော့ လွတ်တော်မှာ အမတ်အများစုကို ချုပ်ကိုင်ထားတဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ခြိမ်းခြောက်မှု ဖြစ်စေနိုင်ဖို့ မလုံလောက်သေးပါဘူး။


ကိုးကား - AFP

Daw Suu expects 'full democratic elections'



မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ တစ်သက် မြန်မာနိုင်ငံမှာ တင်းပြည့်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကို မြင်ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မတွေ့ဆုံခင် ဘီဘီစီ (အင်္ဂလိပ်) နဲ့ မေးမြန်းခန်းတစ်ရပ်မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်စုဟာ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လွတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 

ဒါပေမဲ့  သမ္မတ အဖြစ်ဝင်ရွေးဖို့ ဘယ်အချိန်မှာ အခွင့်အလှမ်း ရမယ်ဆိုတာ သူမ မသိနိုင်သေးဘူးလို့ ဒေါ်စုက အင်တာဗျူးထဲမှာ ပြောပါတယ်။ ဒေါ်စုက သမ္မတအဖြစ်ဝင်ရွေးဖို့ နှစ်သက်သလား၊ ဆန္ဒရှိသလား ဆိုတာတောင် တတ်အပ် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

Wednesday, January 4, 2012

UK's FM Hague arrives in Myanmar


ယူကေနိုင်ငံခြားရေးဝန်ကြီး မစ္စတာဝီလီယမ် ဟိတ် (William Hague) ဟာ ၅ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ ရန်ကုန်က ဗြိတိသျှ သံတမန် အရာရှိတစ်ဦးက ပြောပါတယ်။ မစ္စတာဟိတ်ဟာလဲ ၁၉၅၅ ခုနှစ် နောက်ပိုင်း နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

မစ္စတာဟိတ်ဟာ ၆ ရက်နေ့မှာ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ ဒီ့နောက်မှာ ရန်ကုန်မြို့သို့ ခရီးဆက်ကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာပါ။

လန်ဒန်ကမထွက်ခွာမီမှာ မစ္စတာဟိတ်က ၂ ရက်ကြာမဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှု ဆက်လက်ဆောင်ရွက်ဖို့ အားပေးမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ ယူကေဘက်က ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ သွားရောက် လေ့လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လွတ်လပ်မှုအပိုင်းမှာ ပိုမိုဆောင်ရွက်ဖို့ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ပေးဖို့၊ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် မျှမျှတတ ကျင်းပဖို့၊ အမျိုးသားရင်ကြားစေ့ရေး အတွက် ယုံကြည်စိတ်ချရတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းသွားဖို့၊ လူသားခြင်းစာနာထောက်ထားတဲ့ ကူညီထောက်ပံ့မှုတွေကို တိုင်းပြည်အတွင်း ဝင်ခွင့်ပေးဖို့ စတာတွေကို ဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။

ကိုးကား - AFP, AP

Tuesday, January 3, 2012

Myanmar prisoner term cuts disappointing: US


မြန်မာနိုင်ငံက အကျဉ်းကျခံနေရသူတွေကို ပြစ်ဒဏ်လျော့ချပေးဖို့ အစီအစဉ်ဟာ ဝါရှင်တန် မျှော်မှန်ထားတာနဲ့ မကိုက်ညီဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၃ ရက်နေ့မှာ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မစ္စဝိတိုရိယ နူလန်း (Victoria Nuland) က မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ကို ထိန်းသိမ်းထားဆဲဖြစ်တယ်။ ဒီကိစ္စကို အမေရိကန်ဘက်က အာရုံစိုက်နေမှာ ဖြစ်တယ်။ နိုင်ငံတကာက နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးတာမြင်လိုကြောင်း အမေရိကန်က မြန်မာအစိုးရကို ဆက်လက်ပြောကြားသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရေး အကျဉ်းသားတွေမှာ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ၊ သံဃာတွေ၊ သတင်းထောက်တွေ၊ ရှေ့နေတွေ ပါဝင်ပြီး သူတို့ရဲ့ အခြေအနေကို နိုင်ငံတကာက ပူပန်မကင်းဖြစ်နေပါတယ်။  

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အမိန့်မှာ သေဒဏ်ပေးခံရသူကို ထောင်ဒဏ်တစ်သက်အဖြစ်၊ ထောင်ဒဏ်နှစ် ၃၀ အထက် အကျဉ်းကျခံရသူကို ၃၀ နှစ် အဖြစ်၊ နှစ် ၂၀ အထက်မှ နှစ် ၃၀ အထိ ကျခံရသူကို ၂၀ နှစ်အဖြစ်၊ နှစ် ၂၀ အောက် ကျခံရသူကို ကျခံရတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတပုံကို လျော့ ချပေးမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်လျော့ချမှုကြောင့် အကျဉ်းသားတချို့ဟာ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ လွတ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ ပြစ်ဒဏ်လျော့ချမိန့်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပါဘူး။ ၁၉၈၈ ခုနှစ် ၈လေးလုံး အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားအပါအဝင် အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့ အခွင့်အလှမ်း မေးမှိန်နေဆဲပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက အကျဉ်းကျနေတဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေ လွတ်တဲ့အထဲ ပါမလားဆိုတာ အသေအချာ မသိရသေးဘူးလို့ ပြောပါတယ်။ အရာရှိတစ်ဦးကတော့ ရန်ကုန် အင်းစိန်ထောင်ကနေ အမျိုးသား ၅၀၀၊ အမျိုးသမီး ၁၃၀ ကို လွှတ်ပေးလိမ့်မယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။

ကိုးကား - AFP