Friday, February 17, 2012

EU lifts travel ban on 87 top Myanmar officials


ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အားပေးတဲ့ အနေနဲ့ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရ အရာရှိ ၈၇ ဦးရဲ့ ခရီးသွားလာရေး ပိတ်ဆို့မှုကို ၁၇ ရက်နေ့က ရုပ်သိမ်းလိုက်ပါတယ်။ ဒါပေမဲ့ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုများကိုတော့ ဆက်ပိတ်ထားဆဲ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို ကြိုဆိုတဲ့ အနေနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတများ၊ ဝန်ကြီးများ၊ လွတ်တော် ဥက္ကဋ္ဌများနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များအား ပြည်ဝင်ခွင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်ပြီလို့ ပြောပါတယ်။

ဥရောပသမ္မဂ နိုင်ငံခြားရေး မူဝါဒ အရာရှိချုပ် မစ္စ ကက်သရင်း အက်ရှ်တန် (Catherine Ashton) က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ သမိုင်းတင်မဲ့ ပြောင်းလဲမှုတွေကို ရှုမြင်ရပြီး ဖြစ်သလို အာဏာပိုင်များက ဒီလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားဖို့ အားပေးကြောင်း ဖော်ပြထားပါတယ်။

မစ္စ အက်ရှ်တန်ကလည်း ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့နောက် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်၊ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေအလိုက် ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုဆိုင်ရာ သုံးသပ်ချက်တွေ ပြီးဆုံးလောက်ဖို့ မျှော်လင့်တယ်လို့လဲ ပြောထားပါတယ်။
  
ဥရောပ သမ္မဂ အဖွဲ့ဝင် ၂၇ နိုင်ငံက မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ ပိတ်ဆို့မှုကို ပြန်လည် စစ်ဆေးနေပါတယ်။ ဒီပိတ်ဆို့မှုထဲမှာ စစ်လက်နက်ပစ္စည်း တင်ပို့မှု တားဆီးရေးနဲ့ အရာရှိများရဲ့ ကျောက်မျက်ရတနာနဲ့ ပစ္စည်းဥစ္စာများ ပိတ်ဆို့မှုလဲ ပါဝင်ပါတယ်။ ဒီပိတ်ဆို့မှုကာလဟာ ဧပြီလ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။


Ref : AFP

UN calls for reforms to benefit Myanmar people

ကမ္ဘာ့ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးက မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသက ပြည်သူလူထုအတွက် ဥပမာအားဖြင့် ကျန်းမာရေးနဲ့ ပညာရေးအပိုင်းကို အကျိုးရှိစေမဲ့ ပြုပြင်ပြောင်းလဲမှု အသစ်တွေကို လုပ်ဆောင်သွားဖို့ ၁၇ ရက်နေ့က နိုးဆော်လိုက်ပါတယ်။

ကုလသမဂ္ဂ မြန်မာ့အရေး အကြံပေးအရာရှိ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) က ၅ ရက်တာကြာတဲ့ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးရက်မှာ အခုလို ပြောလိုက်တာပါ။ မစ္စတာ နမ်ဘီယာဟာ မြန်မာနိုင်ငံကို သွားရောက်စဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုတစ်ခေါက် ခရီးစဉ်မှာ မစ္စတာ နမ်ဘီယာ ဦးစားပေး ဆွေးနွေးသွားတဲ့ အချက်တွေမှာ ဧပြီလ မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲ ယုံကြည်စိတ်ချရမှု ရှိစေရေး၊ တိုင်းရင်းသား လူမျိုးစုများနဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြေရှင်းပေးရေး စတာတွေ ပါဝင်ပါတယ်။  

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာတဲ့ အလျောက် ပြည်သူတွေ ပြည့်ပြည့်ဝဝ အကျိုးခံစားရနိုင်ဖို့ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်ဖန်တီးရေးဟာ ဗဟိုအစိုးနဲ့ ဒေသဆိုင်ရာ အစိုးရတို့ရဲ့ အချက်အချာကျတဲ့ လုပ်ငန်းတာဝန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကောင်းမွန်တဲ့ စီးပွားရေး မူဝါဒသာလျှင် မြန်မာ့လူထုတစ်ရပ်လုံးရဲ့ အကျိုးကျေးဇူး အရှိန်အဟုန်နဲ့ တိုးတက်စေမှာ ဖြစ်တယ်လို့လဲ ထည့်သွင်းရေးသားထားပါတယ်။

ကိုးကား - AFP

Saturday, February 11, 2012

Daw Suu hits election campaign trail


ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၁ ရက်နေ့မှာ သူကိုယ်စားပြု ဝင်ရွေးမဲ့ မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ် သွားပြီး မဲဆွယ်စည်းရုံးရေးဆင်းတာ ထောင်နဲ့ချီတဲ့ ဒေသခံတွေက သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။

ထောက်ခံသူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအလံကို ဝှေ့ရမ်းလို့တဖုံ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ကိုင်မြှောက်လို့ တမျိုး လမ်းတစ်ဖက်တစ်ချက်ကနေ ဒေါ်စုရဲ့ ကားတန်းကြီးကို ဝမ်းသာအားရ ကြိုဆိုကြတာပါ။  

ဒေါ်စုဟာ ဒီ့မတိုင်ခင် ထားဝယ်၊ ပုသိမ်နဲ့ မြောင်းမြဘက်ကို သွားရောက် စည်းရုံးခဲ့ပြီး ဖြစ်ပါတယ်။ အခုတခေါက်ကတော့ ကော့မှူးမြို့နယ်ကို ပထမဆုံးအကြိမ် သွားရောက် မဲဆွယ်တာ ဖြစ်ပါတယ်။

အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အမတ်နေရာ ၄၈ နေရာ အားလုံကို အနိုင်ရတယ် ဆိုဦးတော့ လွတ်တော်မှာ အများစုဖြစ်တဲ့ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတခေါက် ရွေးကောက်ပွဲရဲ့ အရေးပါတဲ့ အချက်က ဒေါ်စု ပထမဦးဆုံးအကြိမ် ကိုယ်တိုင် ပါဝင် အရွေးခံခြင်းပဲ ဖြစ်ပါတယ်။

ကိုးကား - AFP

Thursday, February 9, 2012

Ashin Gambira detained by official


လွတ်လာတာ ၁ လ တောင်မပြည့်သေးတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ်သူ အရှင်ဂမ္ဘီရကို စစ်မေးစရာတွေရှိလို့ ၁၀ ရက်နေ့မနက်မှာ ယာယီသီတင်းသုံးနေတဲ့ လယ်တီတိုက်ကနေ ခေါ်သွားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာအစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။

ဦးဂမ္ဘီရ ထောင်ကလွတ်လာပြီးတဲ့နောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းအပြီး ချိပ်ပိတ်ခံထားရတဲ့ မဂ္ဂင်ကျောင်းအပါအဝင် ကျောင်းတိုက် ၃ တိုက်ရဲ့ သော့ကို ချိုးဖျက်ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်လို့ ခေါ်မေးတာဖြစ်တယ်လို့ အဲဒီအရာရှိက အေအက်ဖ်ပီ သတင်းထောက်ကို ပြောပြပါတယ်။ 

ဦးဂမ္ဘီရဟာ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် ၆၈ နှစ် ချခံရပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လ အစိုးရသစ်တက်လာပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ ဦးဂမ္ဘီရဟာ ဇန်နဝါရီလဆန်းမှာ အခြားအကျဉ်းသားများနဲ့အတူ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ 


ref : AFP

Naomi Watts to play Princess Diana in biopic

ဩစတြေးလျနိုင်ငံသူ ဇာတ်ဆောင် နာယိုးမိ ဝပ်စ်က ဝေလမင်းသမီး ဒိုင်ယာနာအဖြစ် သရုပ်ဆောင်လိမ့်မယ်လို့ ဒိုင်ယာနာ မကွယ်လွန်မီ ၂ နှစ်ကြာ ကာလက သူမရဲ့ အကြောင်းကို ရိုက်ကူးမဲ့ ရုပ်ရှင်ထုတ်လုပ်သူက ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

Caught in Flight လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ ဗြိတိန်နိုင်ငံ အိမ်ရှေ့မင်းသား ချားလ်စ်ရဲ့ ကြင်ယာတော် မင်းသမီး ဒိုင်ယာနာ ၁၉၉၇ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့ မော်တော်ယာဉ် မတော်တဆမှုမှာ မသေဆုံးမီ သူမရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှု တွေ့ရှိတဲ့အကြောင်း အဓိကထား ရိုက်ကူးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒိုင်ယာနာနဲ့ ချားလ်စ်တို့ဟာ ၁၉၈၁ ခုနှစ်မှာ ကြီးကျယ်ခမ်းနားစွာ ထိန်းမြားလက်ထပ်ခဲ့ကြပေမဲ့ စိတ်မချမ်းသာစရာ အိမ်ထောင်ရေးဟာ ၁၉၉၆ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ချားလ်စ်က ၂၀၀၅ ခုနှစ်မှာ သူအချိန်ကြာမြင့်စွာ ချစ်ခဲ့သူ ကာမိလားနဲ့ လက်ထပ်ပါတယ်။

ဝပ်စ်ဟာ ၂၀၀၁ ခုနှစ် ရုံတင်တဲ့ စိတ္တဇဆန်ဆန် သည်းထိပ်ရင်ဖို ရုပ်ရှင်ဇာတ်ကား Mulholland Drive မှာ ဘက်တီ အဲလ်မ်စ် အဖြစ်သရုပ်ဆောင်ခဲ့တာ ပရိသတ်ရဲ့ ချီးကျူးမှု ခံခဲ့ရပါတယ်။ သူမက မင်းသမီး ဒိုင်ယာနာကို ကမ္ဘာတလွှားက ချစ်ခင်လေးစားကြတယ်။ သူဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခွင့်ရတာ ဂုဏ်ယူလို့ မဆုံးဘူးလို့ ပြောပါတယ်။

ဒီဇာတ်ကားကို အခုနှစ်ကုန်ပိုင်းလောက်မှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

ကိုးကား - AFP

Wednesday, February 8, 2012

Clinton meets freed Myanmar activists

(Photo: US State Department Official site)

မြန်မာနိုင်ငံရဲ့ လတ်တလော ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်ဟာ ၈ ရက်နေ့က လူရွှင်တော် ကိုဇာဂနာ အပါအဝင် ထောင်က လွတ်လာတာ မကြာသေးတဲ့ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေကို ကြိုဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှာ မစ္စကလင်တန်ဟာ မျက်နှာမှာ အပြုံးပန်းဆင်လို့ ကိုဇာဂနာကို လက်ကမ်းကြိုနေတာ တွေ့ရပါတယ်။ ကိုဇာဂနာအပြင် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်နေတဲ့ ကချင်တိုင်းရင်းသူ ဒေါ်ဘောက်ဂျာ နဲ့ အမျိုးသမီးရေး လှုပ်ရှားသူ ဒေါ်ခင်သန်းမြင့်တို့ကိုလည်း မစ္စကလင်တန်က တွေ့ဆုံခဲ့ပါတယ်။

ဝါရှင်တန်ကို သူတို့ ၃ ဦး အတူသွားကြတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က အမျိုးသား ဒီမိုကရေစီ ပံ့ပိုးရေးအဖွဲ့မှာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထား အမြင်ကို ပြောကြားခဲ့ပါတယ်။

 ref : AFP

Myanmar 'world's worst legal system' for business


နိုင်ငံခြား စီးပွားရေးသမားတွေအဖို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစနစ်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံးဖြစ်တယ်၊ ပြီးခဲ့တဲ့ ၅ နှစ်က အတိုင်းပဲလို့ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းတော့မယ်လို့ သတင်းထွက်လာပြီးနောက် အနောက်တိုင်းနိုင်ငံက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံဖို့ ဆိုင်းပျင်းနေတဲ့အလျောက် ဗြိတိသျှ စီးပွားရေး ဘေးအန္တရာယ် သုံးသပ်ရေးအဖွဲ့ Maplecroft က နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ တရားဥပဒေအရ အာမခံချက် အနည်းဆုံးဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

ယင်းအစီရင်ခံစာကလည်း စွမ်းအင်အရင်းအမြစ်ကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်ကိုးရီးယား အခြေအနေ မရေမရာ ဖြစ်နေတဲ့ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေဟာ အလားအလာကောင်းတယ်လို့ ထောက်ပြထားပါတယ်။

ဒါပေမဲ့ ရေရှည် စီးပွားရေး အလားအလားကောင်းတွေ အကောင်အထည်မပေါ်လာခင် တရားစီရင်မှု သီးခြားလွတ်လပ်မှု ရှိစေရေး၊ ကြီးကြပ်ဦးစီးရေးအပိုင်းမှာ ပိုမို မြင်သာမှု ရှိစေရေး စတဲ့ တရားဥပဒေ စိုးမိုးရေးအပိုင်းက သိသာထင်ရှားတဲ့ တိုးတက်မှု ဖြစ်မြောက်လာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တရားရေးစနစ်အပြင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် အဓိက အတားအဆီးတွေဖြစ်တဲ့ အခြေခံ အဆောက်အအုံများ၊ ငွေရေးကြေးရေးနဲ့ ဘဏ်စနစ် ပြုပြင်ပြောင်းလဲရေးတွေ အရေးတကြီး လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ သယံဇာတ အရင်းအမြစ်တွေ၊ လူစွမ်းအား အရင်းအမြစ်နဲ့ ကမ္ဘာ့စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် တည်ရှိခြင်း စတဲ့အချက်တွေကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှမှာ စီးပွားရေး ရှေ့ပြေးနိုင်ငံ စာရင်းဝင် ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်လို့လည်း ဖြည့်သွင်း ရေးသားထားပါတယ်။ 

ကိုးကား - AFP

Tuesday, February 7, 2012

Crowds cheer Suu Kyi on Myanmar campaign trail


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၇ ရက်နေ့က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဒုတိယအကြိမ်မြောက် နိုင်ငံရေး ခရီးစဉ်ကို စတင်လိုက်ပါတယ်။ ဒေါ်စုကို ကြိုဆိုတဲ့ လူထုကြီးဟာ ပုသိမ်မြို့ လမ်းမတွေ ပိတ်ဆို့လုမတတ် ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အားလုံးက လုပ်ဆောင်ဖို့ လိုအပ်တယ်။ လမ်းတလျှောက်မှာ လူငယ်တွေကို တွေ့ရတယ်။ သူတို့တွေက တိုင်းပြည်ရဲ့ အင်းအားဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်လဲဖြစ်တယ်လို့ ဒေါ်စုက ထောက်ခံသူ လူထုကို ပြောကြားခဲ့ပါတယ်။

ဒေါ်စုက ဧပြီမှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ကြေညာပြီးတဲ့နောက် ဇန်နဝါရီလထဲမှာ ထားဝယ်မြို့ကို ပထမဆုံးအကြိမ်အဖြစ် စည်းရုံးရေး ခရီးကို စတင်ခဲ့တာပါ။ စနေနေ့က မန္တလေးသွားဖို့ စီစဉ်ထားပေမဲ့ ဟောပြောရန် နေရာ အခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ပါတယ်။

ကိုးကား -  AFP

Thursday, February 2, 2012

Cinema opens up for Morocco's blind


အဇစ် ဘူလိုချန်အမည်ရှိတဲ့ လူငယ်တစ်ဦး မော်ရိုကိုနိုင်ငံ မာရာကက်ရှ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံကို ဝင်သွားတဲ့အခါ ဝန်ထမ်းတွေက သူ့ကို ကမ်းပေးတာက ကမ္ဘာတလွှား ရုပ်ရှင်ရုံတွေမှာ တွေ့နေကျ ဇာတ်ကား ကြည့်ဖို့ မျက်မှန်မဟုတ်ဘဲ နားကျပ်တစ်ခုဖြစ်ပါတယ်။ အသက် ၂၀ ပိုင်းရှိ ဘူလိုချန်ဟာ သာမန်ရုပ်ရှင်ကြည့် ပရိသတ်မဟုတ်သလို သူသွားတဲ့ ရုပ်ရှင်ရုံကလဲ သာမန် မဟုတ်ပါဘူး။ ထိုင်ခုန်တိုင်းမှာ အထူးကိရိယာတွေ တပ်ဆင်ထားတာကြောင့် ရုပ်ရှင်ကြိုက်သူ မျက်မမြင် ဒါမှမဟုတ် အမြင်အာရုံချို့တဲ့သူတွေလည်း ရုပ်ရှင်ရဲ့ ရသကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

လာလာဟိုဘီ (Lalla Hoby) ရုပ်ရှင်ရုံမှာ ရုံတင်တဲ့ဇာတ်ကားက မော်ရိုကို အမျိုးသားတစ်ဦးက ဂျီဘရာတာ (Gibraltar) ရေလက်ကြားကို ကျော်ပြီး ဘယ်ဂျီယမ်နိုင်ငံသွားကာ မယားပျောက် ရှာပုံတော်ဖွင့်တဲ့ ဟာသဇာတ်မြူးပါ။ ၁၉၉၆ ခုနှစ်မှာ ဖြန့်ချိတဲ့ ဒီဇာတ်ကားဟာလဲ အသံနဲ့ ရှင်းပြတဲ့ တစ်ခုတည်းသော ဇာတ်ကား ဖြစ်ပါတယ်။

ဘူလိုချန်က ထိုင်ခုန်ဘေး ပလပ်ပေါက်မှာ ထိုးထားတဲ့ နားကျပ်တပ်က ကြားနေရတဲ့အသံတွေဟာ သရုပ်ဆောင်တွေရဲ့ ပြုမူလှုပ်ရှားပုံနဲ့ ဇာတ်ကွင်းဇာတ်ကွက် ဘယ်လို အနေအထား ရှိတယ်ဆိုတာကို ရှင်းပြနေတဲ့ အသံတွေပါ။

ဘူလိုချန်က ဒါဟာ အရမ်းကိုကောင်းတဲ့ စိတ်ကူးပဲ၊ သူမျက်စိကွယ်သွားတဲ့ အချိန်ကစပြီး ရုပ်ရှင်မကြည့်နိုင်တော့ဘူး။ ဒါပေမဲ့ အခုတော့ ရုပ်ရှင်တစိတ်တပိုင်းကို ခံနိုင်ခွင့်ရှိပြီလို့ ဆိုပါတယ်။ ဘူလိုချန်ဟာ ၂၀၀၅ ခုနှစ်မှာ Behcet's syndrome လို့ခေါ်တဲ့ ရောဂါရခဲ့ပြီးနောက်မှာ အမြင်အာရုံ ဆုံးရှုံးခဲ့တာပါ။

၇ နှစ်ကြာပြီးနောက် အခုတော့ သူဟာ သာမန်လူတွေနည်းတူ ရုပ်ရှင်ရုံထဲထိုင်ပြီး ရုပ်ရှင်‘ကြည့်’ နေနိုင်ပါပြီ။ နားကျပ်က ရှင်းပြချက်တွေပါ ကြားရတော့ ဟာသဇာတ်ကွက်တွေကို ပြသတဲ့အချိန်မှာ မျက်မမြင်တွေကလဲ ပုံမှန်ပရိသတ်နဲ့ တပြိုင်တည်း ရယ်နိုင်မောနိုင် နေပါပြီ။

မာရာကက်ရှ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဖောင်ဒေးရှင်းက နာဒီယာ ဟန်စာလီ (Nadia el-Hansali) က မော်ရိုကိုဟာ မျက်မမြင်တွေ အခုလို ရုပ်ရှင်ကြည့်နိုင်ဖို့ လုပ်ပေးတာ အာဖရိကမှာရော အာရပ်ကမ္ဘာမှာပါ ပထမဆုံးနိုင်ငံပါပဲလို့ ပြောပါတယ်။ ဒီဖောင်ဒေးရှင်းက လက်ရှိမှာ ရှင်းပြချက်ပါတဲ့ ရုပ်ရှင်ဇာတ်ကား ၈ ကားကို ထုတ်လုပ်ထားပြီးဖြစ်တယ်။ နောက် ၁၈ လအတွင်းမှာ ၆ ကားကို ထပ်ပြီး အသံသွင်းဖို့ရှိပါတယ်။