မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား အများစုကို ချန်ရစ်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Tomas Ojea Quintana) က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကြာသပတေးနေ့က နိုးဆော်လိုက်ပါတယ်။
မစ္စတာ ကင်တားနားက နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် လွတ်မြောက်လာတာကို ကြိုဆိုပေမဲ့ ကျန်နေသေးတဲ့ ရာချီ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့ ကြေညာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
မစ္စတာ ကင်တားနားက ‘အခုတခေါက် ပြောင်းလဲတိုးတက်မှုဟာ မြန်မာအစိုးရက နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို တုန့်ပြန်ရာမှာရော နိုင်ငံတွင်း နိုင်ငံရေး ရင်ကြားစေ့ရေးမှာပါ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်တယ်။’ လို့ ပြောပါတယ်။
သို့သော်လည်း မစ္စတာ ကင်တားနားက ယုံကြည်မှုကြောင့် အကျဉ်းကျနေသူများကို ဆက်လက်ချုပ်နှောင်ထားခြင်းနဲ့ ယင်းတို့အနက် အများစုဟာ ထောင်အတွင်း ဆိုးဝါးတဲ့ အခြေအနေကြောင့် ကျန်းမာရေး ယိုယွင်းနေတာကို စိုးရိမ်မိကြောင်းလဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
သူတို့ကို လွှတ်ပေးခြင်းဟာ ဒီမိုကရေစီ အပြောင်းအလဲမှာ အရေးပါတဲ့ ခြေလှမ်းဖြစ်ပြီး ပြည်တွင်းရော ပြည်ပကပါကြိုဆိုမှာဖြစ်တယ်။ မြန်မာအစိုးရက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံးကို လွှတ်ပေးရေးဟာ အင်မတန်မှ အရေးကြီးလှပါကြောင်း ပြောပါတယ်။
နိုင်ငံရေး သုံးသပ်သူတွေက အခုတခေါက် နိုင်ငံရေး အကျဉ်းသား အချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဟာ မြန်မာအစိုးရ နိုင်ငံတကာအကြား အထီးကျန်နေမှုကို အဆုံးသတ်လိုတဲ့ ပထမဆုံး လုပ်ရပ်ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။
ဒါပေမဲ့လည်း အခုတခေါက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ၁၉၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ အထင်ကရ ကျောင်းသားခေါင်းဆောင်တွေ၊ သတင်းထောက်တွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း ဖမ်းဆီးထားတဲ့ သံဃာတွေ၊ ရှေ့နေတွေ မပါဝင်တာကြောင့် အတိုက်အခံတွေဖက်က စိတ်ပျက်မိတယ်လို့ ဆိုနေကြကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ကိုးကား - AFP