Saturday, January 14, 2012

Taiwan's Ma wins second term as president



တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ပိုမိုနီးကပ်ရေး အဆိုပြုတဲ့ ထိုင်ဝမ်သမ္မတ မာယင်းကျိုဟာ ၁၄ ရက်နေ့ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ နောက်ထပ် ရာထူးသက်တမ်း ၄ နှစ်အတွက် အနိုင်ရလိုက်ပြီ ဖြစ်ပါတယ်။

မာယင်းကျိုဟာ ပြီးခဲ့တဲ့ ၄ နှစ်သက်တမ်းအတွင်း ထိုင်ဝမ်နဲ့ပြည်မအကြား လေယာဉ် တိုက်ရိုက်ပျံသန်းနိုင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ် ခရီးသည်တွေ ထိုင်ဝမ်ကို လာလည်ဖို့ ခွင့်ပြုရေး အပါအဝင် သဘောတူညီချက် ၁၂ ရပ်ကို တရုတ်ပြည်မနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါဟာလဲ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ပွဲအပြီး ထိုင်ဝမ်နဲ့ ပြည်မ သီးခြားခွဲ အုပ်ချုပ်ခဲ့ချိန်ကစ နှစ် ၆၀ အတွင်း ဆက်ဆံရေး အကောင်းမွန်ဆုံး အချိန်အခါ ဖြစ်ပါတယ်။

မာယင်းကျိုက မဲအရေအတွက် ၅၁% အနိုင်ရပြီးနောက် ကွန်မင်တန်ပါတီ ထိုင်ပေရှိ ဗဟိုဌာနချုပ်မှာ စုဝေးနေတဲ့ ထောက်ခံသူများကို ကျွန်တော်တို့နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ မာယင်းကျိုကလဲ လာမဲ့ ၄ နှစ်အတွင်း တရုတ်နဲ့ ဆက်ဆံရေး ပိုမို သဟဇာတဖြစ်စေမယ် နှစ်ဘက် ယုံကြည်မှုတွေ ပိုမိုခိုင်မာစေမယ်လို့ ကတိပြုပါတယ်။

မာယင်းကျိုရဲ့ အဓိကပြိုင်ဖက် ချိုက်ယင်းဝန်က မဲရှုံးပြီးနောက် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ ဒီပီပီရဲ့ ဥက္ကဋ္ဌ ရာထူးကနုတ်ထွက်မယ်လို့ ကြေညာပါတယ်။ ထိုင်ဝမ်ရဲ့ ပထမဦးဆုံးသော အမျိုးသမီး သမ္မတ ဖြစ်လာရေးအတွက် ကြိုးပမ်းခဲ့တဲ့ ချိုက်ယင်းဝန်က အခုတခေါက် ရွေးကောက်ပွဲမှာ မဲ ၄၆% နီးပါး ရရှိခဲ့ပါတယ်။

နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးက မာယင်းကျို အနိုင်ရလိုက်တာဟာ လူထုက သူ့ရဲ့ ထိုင်ဝမ်ပြည်မ မူဝါဒကို ယုံကြည်ကြောင်း ပြလိုက်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒီပီပီပါတီက ထိုင်ဝမ်လွတ်လပ်ရေးကို ပါတီလမ်းစဉ်အဖြစ် သတ်မှတ်ထားပြီး တရုတ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတာကို ဆန့်ကျင်သူဖြစ်ပါတယ်။

အခုတခေါက် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၁၈ သန်းကျော်ရှိပြီး မဲဆန္ဒရှင်အားလုံးရဲ့ ၇၄ % က မဲပေးခဲ့ကြပါတယ်။ အခုတခေါက်မှာ ဥပဒေပြုလွတ်တော် အမတ်များကိုလဲ တပြိုင်တည်း ရွေးကောက်ခဲ့ရာမှာ အာဏာရ ကွန်မင်တန်ပါတီက လွတ်တော်အမတ် ၁၁၃ နေရာအနက် ၆၄ နေရာကို ရရှိလိုက်ပါတယ်။ အရင်တခေါက် ၂၀၀၈ ခုနှစ် ၈၁ နေရာကနေ ၁၇ နေရာ လျော့နည်းသွားပေမဲ့ အမတ်နေရာအားလုံးရဲ့ တဝက်ကျော်ကို ထိန်းချုပ်ထားနိုင်မြဲဖြစ်တယ်။ အဓိက အတိုက်အခံဖြစ်တဲ့ ဒီပီပီကတော့ ၄၀ နေရာရလိုက်ပြီး အရင်တခေါက်ကထက် ၁၃ နေရာ တိုးလာပါတယ်။

No comments:

Post a Comment