Wednesday, February 8, 2012

Myanmar 'world's worst legal system' for business


နိုင်ငံခြား စီးပွားရေးသမားတွေအဖို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစနစ်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံးဖြစ်တယ်၊ ပြီးခဲ့တဲ့ ၅ နှစ်က အတိုင်းပဲလို့ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းတော့မယ်လို့ သတင်းထွက်လာပြီးနောက် အနောက်တိုင်းနိုင်ငံက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံဖို့ ဆိုင်းပျင်းနေတဲ့အလျောက် ဗြိတိသျှ စီးပွားရေး ဘေးအန္တရာယ် သုံးသပ်ရေးအဖွဲ့ Maplecroft က နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ တရားဥပဒေအရ အာမခံချက် အနည်းဆုံးဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

ယင်းအစီရင်ခံစာကလည်း စွမ်းအင်အရင်းအမြစ်ကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်ကိုးရီးယား အခြေအနေ မရေမရာ ဖြစ်နေတဲ့ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေဟာ အလားအလာကောင်းတယ်လို့ ထောက်ပြထားပါတယ်။

ဒါပေမဲ့ ရေရှည် စီးပွားရေး အလားအလားကောင်းတွေ အကောင်အထည်မပေါ်လာခင် တရားစီရင်မှု သီးခြားလွတ်လပ်မှု ရှိစေရေး၊ ကြီးကြပ်ဦးစီးရေးအပိုင်းမှာ ပိုမို မြင်သာမှု ရှိစေရေး စတဲ့ တရားဥပဒေ စိုးမိုးရေးအပိုင်းက သိသာထင်ရှားတဲ့ တိုးတက်မှု ဖြစ်မြောက်လာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တရားရေးစနစ်အပြင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် အဓိက အတားအဆီးတွေဖြစ်တဲ့ အခြေခံ အဆောက်အအုံများ၊ ငွေရေးကြေးရေးနဲ့ ဘဏ်စနစ် ပြုပြင်ပြောင်းလဲရေးတွေ အရေးတကြီး လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ သယံဇာတ အရင်းအမြစ်တွေ၊ လူစွမ်းအား အရင်းအမြစ်နဲ့ ကမ္ဘာ့စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် တည်ရှိခြင်း စတဲ့အချက်တွေကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှမှာ စီးပွားရေး ရှေ့ပြေးနိုင်ငံ စာရင်းဝင် ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်လို့လည်း ဖြည့်သွင်း ရေးသားထားပါတယ်။ 

ကိုးကား - AFP

No comments:

Post a Comment