Wednesday, October 5, 2011

Price for Fashion

အရောင်မှိန်မှိန်ဖျော့ဖျော့ တပတ်နွမ်းသဖွယ် အပေါက်အပြဲတွေနဲ့ ဒီဇိုင်းဆန်းဆန်း ဂျင်းအင်္ကျီ၊ ဂျင်းဘောင်းဘီတွေ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ လူကြိုက်များ ရေပန်းစားလာတာ အများက အသိပါ။ ဒါပေမဲ့ ခေတ်ပေါ် ဖက်ရှင်ရဲ့ နောက်ကွယ်မှာ လူမသိတဲ့ အချက်က ဒီလို ဂျင်းဘောင်းဘီတွေကို ထုတ်လုပ်ရာမှာ စတုန်းဝပ်(ရှ်) (Stone Wash) လို့ခေါ်တဲ့ ကျောက်စရစ်များနဲ့ လျှော်ဖွတ်ရတာမို့ အလုပ်သမားတွေခမျာ ကုသလို့မရတဲ့ အဆုပ်ရောဂါစွဲကပ်စေပါတယ်။ 

ဖက်ရှင်လုပ်ငန်းရှင်တစ်ချို့က သူတို့ရဲ့ ဂျင်းဘောင်းဘီတွေကို ထုတ်လုပ်ရာမှာ လူကို ဥပဒ်ဖြစ်စေတဲ့ ကျောက်စရစ်မှုတ်နည်းကို တားမြစ်ထားတယ်လို့ ပြောနေပေမဲ့ အဝတ်အထည် သန့်ရှင်းရေး နိုင်ငံတကာ အဖွဲ့အစည်းက ထင်သလောက် မထိရောက်ဘူးလို့ သံသယဝင်နေပြီး ဥရောပသမဂ္ဂက ကျောက်စရစ်မှုတ်နည်းနဲ့ ထုတ်လုပ်တဲ့ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီတွေကို တင်သွင်းခွင့်မပေးဖို့ အရေးဆိုကြပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်းခွင်ကို အန္တရာယ်ကြီးမားတဲ့ အလုပ်အဖြစ် စာရင်းသွင်းပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။  

ဂျင်းအင်္ကျီထုတ်လုပ်တဲ့ အဓိကဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ စက်ရုံ ၄ ထောင်ကျော်ရှိတယ်။ အသက် ၁၈ နှစ်အရွယ် အလုပ်သမားတစ်ဦးက အသက်ရှူရကြပ်သလို ခံစားရတယ်။ အလုပ်ဆင်းလို့ အိမ်ပြန်ရောက်ရင်လဲ လူက နှုန်းနေသလိုပဲ။ ကျောက်မှုန့်တွေကြောင့် မျက်စိတွေလဲ အရမ်းနာတာပဲလို့ ပြောတယ်။ ဒီအလုပ်သမားဟာ လူကို မွန်းကြပ်စေတဲ့ လုပ်ငန်းခွင်မှာ တစ်နေ့ကို ၁၁ နာရီ အလုပ်လုပ်ရတယ်။ ဒါပေမဲ့ သူ့ရဲ့ လုပ်အားခက တစ်လမှာ အမေရိကန် ဒေါ်လာ ၇၀ ပဲ ရှိပါတယ်။

ဂျင်းအင်္ကျီထုတ်လုပ်တဲ့ စက်ရုံမှာ ဝယ်ယူသူတွေ စိတ်တိုင်းကျ တပတ်နွမ်းပုံပေါ်အောင် ဂျင်းပိတ်စကို ကျောက်စရစ်မှုတ်တံနဲ့ မှုတ်ပေးရတယ်။ ဒီလိုမှုတ်တဲ့ အချိန်မှာ ကျောက်မှုန်တွေနဲ့ စီလီကာတွေ ဖြစ်ထွန်းစေတယ်။ ဒီကျောက်မှုန်တွေကို ရှူရှိုက်မိရင် အဆုပ်ရောဂါ ဖြစ်စေပါတယ်။ 

ကမ္ဘာမှာ ဂျင်းအင်္ကျီတင်ပို့မှု အများဆုံးဖြစ်တဲ့ တူရကီနိုင်ငံမှာ ဒီလိုအဆုပ်ရောဂါကြောင့် သေဆုံးတဲ့ အလုပ်သမား ၄၆ ဦးရှိပြီး ဝေဒနာခံစားနေရသူ ၁၂၀၀ နီးပါးရှိတယ်။ လက်တွေ့မှာ ဒီ့ထက်များနိုင်တယ်လို့ ဆေးလောကကယူဆပါတယ်။ တူရကီဆရာဝန်တွေက ၂၀၀၄ ခုနှစ်မှာ အီစတန်ဘူးလ်က ဂျင်းအင်္ကျီ စက်ရုံအလုပ်သမား ၁၀ ကျော်လောက် အဆုပ်မှာဖုံကပ်တဲ့ ရောဂါ ဖြစ်တာကို စတင်တွေ့ရှိခဲ့တယ်။ ဒါဟာလဲ ပထမဦးဆုံးအကြိမ် သတ္တုတွင်းတူးသမားနဲ့ ဆောက်လုပ်ရေး အလုပ်သမားအပြင် အထည်အလိပ် လုပ်ငန်းက အလုပ်သမားတွေလည်း အဆုပ်ဖုံကပ် ရောဂါ ခံစားနေရကြောင်း သက်သေပြလိုက်ပါတယ်။ ၅ နှစ်ကြာပြီးနောက် တူရကီအစိုးရက ကျောက်စရစ်မှုတ်နည်းနဲ့ ဂျင်းအင်္ကျီမထုတ်လုပ်ရလို့ တားမြစ်လိုက်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တရုတ်နဲ့ အီဂျစ်နိုင်ငံတွေမှာ သုံးနေဆဲ ဖြစ်ပါတယ်။


ကိုးကား - 石洗牛仔褲 工人賣命得矽肺病 
             Sandblasted jeans: Should we give up distressed denim?

No comments:

Post a Comment