စင်ကာပူ အမျိုးသား နှလုံးစင်တာမှ သုတေသီများက လူသား အရေပြားဆဲလ်အား အခြားအင်္ဂါအစိတ်အပိုင်းများအဖြစ် ကြီးထွားနိုင်စွမ်းရှိသည့် ပင်မဆဲလ်များ (Human Induced Pluripotent Stem Cells, hiPS Cells) အဖြစ်ပြောင်းကာ ထိုမှတဆင့် နှလုံးကြွက်သားဆဲလ်အဖြစ် အောင်မြင်စွာ မွေးမြူနိုင်ပြီဖြစ်သောကြောင့် နှလုံးကြွက်သား အားနည်းသည့် ဝေဒနာရှင်များအတွက် ကုထုံးနည်းသစ်တစ်ရပ် ဖြစ်လာနိုင်သည်။
အလားတူ စမ်းသပ်ချက်မျိုးကို လက်ရှိတွင် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့တွင်သာ ပြုလုပ်လျက်ရှိသည်။ စင်ကာပူ အမျိုးသား နှလုံးစင်တာက ၂၀၀၉ ခုနှစ်တွင် ဂျပန်၌ ပိုးမွှားကို ကြားခံထားကာ စမ်းသပ်ခဲ့ဖူးသည်၊ စင်ကာပူက ဝေဒနာရှင် ရောဂါပိုးမွှား ကူးစက်မှုနည်းပါးစေရန် ပိုးမွှားမရှိသည့် အနေအထားတွင် စမ်းသပ်ခဲ့သည်ဟု ဆိုသည်။
hiPS Cells ဆဲလ်များအား မှန်ကန်စွာ ညွှန်ပြပေးနိုင်လျှင် ယင်းပင်မဆဲလ်များအား လိုအပ်သည့် အာရုံကြော၊ သွေးကြောမှသည် နှလုံးကြွက်သားအထိပင် ပြောင်းလဲကြီးထွား စေနိုင်သည်။ ဤနည်းလမ်းဖြင့် ပျက်စီးသွားသော ဆဲလ်များ သို့မဟုတ် အင်္ဂါများကို ပြင်ဆင်နိုင်၊ အစားထိုးနိုင်မည်ဖြစ်သည်။
ဖော်ပြပါ လေ့လာချက်အရ နှလုံးကြွက်သား အားနည်းသူများအတွက် ကုသနည်းသစ် ဖြစ်လာနိုင်သည်။ ဝေဒနာရှင်၏ ကိုယ်ပိုင် အရေပြားဆဲလ်ကို အသုံးပြုသဖြင့် အင်္ဂါသစ်အား လက်မခံမည်ကို ပူပန်စရာမလိုပေ။
စင်ကာပူ သုတေသနအဖွဲ့က တိရစ္ဆာန်များဖြင့် စမ်းသပ်ရန် ပြင်ဆင်နေပြီ ဖြစ်ပြီး နောက် ၂ နှစ်အကြာတွင် လူတို့တွင် စမ်းသပ်ရန် လျာထားကြောင်း သိရသည်။
ကိုးကား - zaobao
No comments:
Post a Comment