Thursday, March 29, 2012

Suu Kyi says by-election not completely free and fair

Daw Su's Press Conference at her residence (AFP)

မြန်မာနိုင်ငံ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမဲ့ တနင်္ဂနွေနေ့ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လုံးဝကြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ မဲဆွယ်စည်းရုံးတဲ့ကာလအတွင်း ပုံမှန်မဟုတ်တဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့နေရလို့ ဖြစ်တယ်လို့ ၃၀ ရက်နေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒေါ်စုက ပြီးခဲ့တဲ့ လတွေအတွင်း ဖြစ်ပွားတဲ့ အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မခေါ်နိုင်ဘူး။ ဒီလို ပုံမှန်မဟုတ်တဲ့ ကိစ္စရပ်တွေဟာ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ လက်ခံနိုင်တဲ့ အတိုင်းအတာထက် ပိုလွန်နေပြီဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီက ရွေးကောက်ပွဲမှာ ဆက်လက်ဝင်ပြိုင်သွားမှာ ဖြစ်တယ်။ အကြောင်းကလဲ ဒီအချက်ဟာ လူထုက လိုလားတဲ့ အချက်ဖြစ်လို့ပဲ။ ဝင်ပြိုင်လို့လဲ နောင်တရမှာ မဟုတ်ဘူးလို့လဲ ဒေါ်စုက ဖြည့်သွင်းပြောကြားလိုက်ပါတယ်။

အာဏာပိုင်တွေရဲ့ မတရားမှုနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပါတီက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လူထုကို ဖိအားပေးပြီး သူတို့ရဲ့ ပါတီစည်းရုံးရေးပွဲကို တက်ခိုင်းတယ်လို့ ဥပမာပေးပါတယ်။ ဒေါ်စုပါဝင်ယှဉ်ပြိုင်မဲ့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေရဲ့ မဲဆန္ဒရှင် အမည်စာရင်းမှာ ရာနဲ့ချီတဲ့ သေဆုံးသူအမည်များပါဝင်နေပြီး လက်တွေ့ မဲပေးခွင့်ရှိသူ ၁၃၀၀ နီးပါးက စာရှင်းထဲမှာ မပါဝင်ဘူးလို့ ထောက်ပြပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လတ်တလောကပြောသွားတဲ့ မိန့်ခွန်းမှာ မဲစာရင်းထဲ မလိုအပ်တဲ့ မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ အာမခံချက် ပေးခဲ့ပါတယ်။ အခုတခေါက် ရွေးကောက်ပွဲမှာ ၂၀၁၀ ခုနှစ်ရဲ့ အထွေထွေ ရွေးကောက်ပွဲနဲ့ မတူပဲ ကုလသမဂ္ဂ၊ အာဆီယံနဲ့ အမေရိကန် အပါအဝင် နိုင်ငံခြားမှ အကဲခတ်သူများနဲ့ သတင်းထောက်များကို ကြည့်ရှုလေ့လာဖို့ ခွင့်ပြုထားပါတယ်။

အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နယ်မြေ ၄၅ ခုအတွက် လွှတ်တော်အမတ်များကို ရွေးချယ်မှာ ဖြစ်ပြီး အန်အယ်လ်ဒီက ဒေါ်စုအပါအဝင် ကိုယ်စားလှယ်လောင်း ၄၄ ဦး ပါဝင် အရွေးခံမှာ ဖြစ်ပါတယ်။ မူလက လစ်လပ် နယ်မြေ ၄၈ ခုရှိပေမဲ့ လုံခြုံရေး အကြောင်းအရင်းကြောင့် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နဲ့ ဗန်းမော် စတဲ့ သုံးမြို့နယ်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားပါတယ်။ 

Ref : AFP, AP

No comments:

Post a Comment