Friday, December 9, 2011

2011 Top 10 news from TIME


တိုင်းမ် (TIME) မဂ္ဂဇင်းက ၇ ရက်နေ့မှာ ၂၀၁၁ ခုနှစ်အတွင်း အရေးပါတဲ့ သတင်းကြီး ၁၀ ရပ်ကို ရွေးချယ်လိုက်ပါတယ်။ သတင်းတွေထဲမှာ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားတဲ့ အာရပ်နွေဦး အရေးအခင်းနဲ့ ပတ်သက်တဲ့ သတင်း ၃ ရပ် ပါဝင်ပါတယ်။ ဂျပန်နိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ ငလျင်၊ ဆူနာမီနဲ့ နျူကလီယား အန္တရာယ် သတင်းစာဟာလဲ အများရဲ့ အာရုံမှာ စွဲထင်ကျန်ခဲ့မှာပါ။

နံပတ် ၁ စာရင်းဝင်တဲ့ ‘အာရပ်နွေဦး’ အရေးအခင်းဟာ တူနီးရှားနဲ့ အီဂျစ်မှာ အောင်မြင်မှုတွေရခဲ့ပါတယ်။ တူနီးရှားက အသက် ၂၆ နှစ်အရွယ် အလုပ်လက်မဲ့ လူငယ်တစ်ဦး မိမိကိုယ်ကိုမီးရှို့ပြီး ဆန္ဒပြခဲ့တာ ၂၃ နှစ်ကြာ အုပ်စိုးခဲ့တဲ့ သမ္မတ ဘင်အလီ အစိုးရပြိုကွဲသွားတဲ့ အပြင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းအထိ ပျံ့နှံ့သွားစေပါတယ်။ အီဂျစ်မှာ ဆန္ဒပြသူတွေက အင်တာနက် လူမှုကွန်ယက်ကနေတဆင့် လှုံ့ဆော်ပြီး ချီတက် ဆန္ဒပြကြရာ နှစ်ပေါင်း ၃၀ ကျော် အာဏာကို ချုပ်ကိုင်ခဲ့တဲ့ သမ္မတ မူဘာရက် ရာထူးက ပြုတ်ကျသွားခဲ့ရပါတယ်။ နိုင်ဝင်ဘာလ ၂၇ ရက်နေ့မှာ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးနောက် ပထမဦးဆုံးအကြိမ် ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့တယ်။

နံပတ် ၂ စာရင်းဝင်တဲ့ သတင်းကတော့ အတိုကောက်အားဖြင့် စီးလ် (SEALs) ပင်လယ်ဖျံလို့ အမည်ရတဲ့ အမေရိကန် ရေတပ် အထူးတပ်ဖွဲ့က အယ်ခိုင်းဒါးအဖွဲ့ ခေါင်းဆောင် ဘင်လာဒင်ကို ပစ်သတ်ဖမ်းဆီးခဲ့တဲ့ သတင်းပါ။ အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် အကြမ်းဖက် ဆန့်ကျင်းရေး လုပ်ငန်းတွေမှာ အမေရိကန်နဲ့ ပါကစ္စတန်အကြား ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်စေခဲ့တယ်။

နံပတ် ၃ က အခုနှစ် မတ်လ ၁၁ ရက်နေ့ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ ရစ်ချပ်တာစကေး ၉ ရှိတဲ့ အင်အားပျင်း ငလျင်ဖြစ်ပွားခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ငလျင်ပျင်းအားကြောင့် ဆူနာမီလှိုင်းကြီး ထစေခဲ့လို့ လူအေပါင်း ၁၆၀၀၀ ကျော် သေဆုံးခဲ့ရတဲ့အပြင် ဖူကူရှီမာ နျူကလီယား လျှပ်စစ်ဓာတ်အားပေး စက်ရုံ ပျက်စီးယိုယွင်းစေခဲ့တာကြောင့် ရေဒီယိုသတ္တိကြွပစ္စည်း ယိုစိမ့်တဲ့ စိုးရိမ်မှုတွေ ဖြစ်စေခဲ့တယ်။

နံပတ် ၄ သတင်းက ဥရောပ ကြွေးမြီ အကြပ်အတည်းကြောင့် ယူရိုငွေကြေးစနစ်ကို ဂယက်ရိုက်စေခဲ့တဲ့ သတင်းဖြစ်ပါတယ်။

နံပတ် ၅ က အာရပ်နွေဦး အရေးအခင်း ကူးစက်ပျံ့နှံ့မှုကြောင့် လစ်ဗျားနိုင်ငံ အာဏာရှင် ဂဒါဖီ ရာထူးက ပြုတ်ကျခြင်း ဖြစ်ပါတယ်။ သူပုန်တပ်ဖွဲ့က ဩဂုတ်လထဲမှာ မြို့တော် ထရစ်ပိုလီကို ဝင်စီးနိုင်ခဲ့ပြီး ၄၂ နှစ်တာကြာမြင့်တဲ့ ဂဒါဖီခေတ် ချုပ်ငြိမ်းစေခဲ့တဲ့အပြင် အောက်တိုဘာလ ရောက်တော့ ဂဒါဖီကိုယ်၌ကလဲ သူ့ရဲ့ဇာတိမြို့ ဆာ့တ်မှာ အသတ်ခံခဲ့ရတယ်။

နံပတ် ၆ စာရင်းဝင်တာက ဆီးရီးယားနဲ့ ယီမင်က အခြေအနေ မတည်ငြိမ်တဲ့ သတင်းဖြစ်တယ်။ ယီမင်သမ္မတ ဆာလေးက နိုဝင်ဘာလထဲမှာ ရာထူးကဆင်းပေးဖို့ သဘောတူလိုက်ပြီဖြစ်ပေမဲ့ ယီမင်နိုင်ငံရဲ့ရှေ့ရေး ဘယ်လိုဖြစ်မယ်ဆိုတာ မသိနိုင်သေးပါဘူး။ ဆီးရီးယားသမ္မတ ဘာရှား အယ် - အာဆဒ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို သွေးသံရဲရဲ ဖိနှိပ်ခဲ့တာကြောင့် ကုလသမဂ္ဂက လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်တယ်လို့ ပြစ်တင်ဝေဖန် လိုက်ပါတယ်။

နံပတ် ၇ မြောက် သတင်းက မြောက်အာဖရိက စားနပ်ရိက္ခာ ချို့တဲ့မှု ဖြစ်တယ်။ အီသီယိုးပီးယား၊ ဆိုမာလီးယား၊ ကင်ညာနဲ့ ဘူကီနာဖာဆို စတဲ့ အာဖရိကတိုက် အရှေ့မြောက်ပိုင်းရှိ နိုင်ငံတွေမှာ နှစ် ၆၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုကြောင့် လူပေါင်း ၁၂ သန်းကျော် ဒုက္ခရောက်ခဲ့ရပါတယ်။

နံပတ် ၈ က နော်ဝေးနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကြီး ဖြစ်ပါတယ်။ ဇူလိုင်လထဲမှာ အသက် ၃၂ နှစ်အရွယ် Anders Behring Breivik က အစိုးရအဆောက်အအုံတွေကို မော်တော်ကားဗုံးနဲ့ ဦးစွာ ဖောက်ခွဲခဲ့တာ လူ ၈ ဦး သေဆုံးခဲ့တယ်။ ဒီ့နောက်မှာ ယူတိုယာကျွန်းပေါ်မှာ နွေရာသီစခန်းဝင်နေတဲ့ လူငယ်တွေကို သေနတ်နဲ့ ဝှေ့ယမ်းပစ်သတ်ခဲ့တာ ၆၉ ဦး အသက်ဆုံးရှုံးခဲ့တယ်။

နံပတ် ၉ အဖြစ် ရွေးချယ်ထားတာကတော့ ပါလက်စတိုင်း နိုင်ငံအဖြစ် တည်ထောင်ဖို့လမ်း အတားအဆီးရှိနေတဲ့ သတင်း ဖြစ်ပါတယ်။ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဘာ့စ်က စက်တင်ဘာလထဲမှာ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ခဲ့ပြီး ကုလအဖွဲ့ဝင် အဖြစ် တရားဝင်လျှောက်ထားခဲ့ရာ အမေရိကန်က ဆန့်ကျင်ခဲ့ပါတယ်။

နောက်ဆုံး နံပတ် ၁၀ က အိန္ဒိယနိုင်ငံက Anna Hazare အစာငတ်ခံဆန္ဒပြခဲ့တာ အိန္ဒိယတစ်နိုင်ငံလုံးကို သိမ့်သိမ့်တုန်သွားစေတဲ့ သတင်းဖြစ်တယ်။ ဂန္ဓီအသစ်လို့ တင်စားခံရတဲ့ လူမှုလုပ်ရှားရေး ခေါင်းဆောင် Anna Hazare ဟာ ဩဂုတ်လထဲမှာ အစာငတ်ခံပြီး အစိုးရအရာရှိတွေ အဂတိလိုက် ခြစားယိုယွင်းနေတာကို ဆန္ဒပြခဲ့တာ သူ့ကို ထောက်ခံသူတွေလဲ အမြို့မြို့အနယ်နယ်မှာ လိုက်ပြီး ဆန္ဒပြကြပါတယ်။ ဒီလိုကြောင့်လဲ အာဏာပိုင်တွေက သီးခြားလွတ်လပ်တဲ့ ဌာနတစ်ရပ် ထူထောင်ပြီး ဝန်းကြီးချုပ်အပါအဝင် အရာရှိများအား စုံစမ်းစစ်ဆေးဖို့ သဘောတူခဲ့ရပါတယ်။

No comments:

Post a Comment