Saturday, April 28, 2012

EU's Ashton urges 'irreversible' Myanmar reforms


ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Catherine Ashton ဟာ ၂၈ ရက်နေ့မှာ ရန်ကုန်ကို ရောက်ရှိပြီး မြန်မာနိုင်ငံမှာ ၃ ရက်ကြာနေဖို့ စီစဉ်ထားပါတယ်။ နေ့လည်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုကို နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်ရှောက်ဖို့နဲ့ တိုင်းရင်းသားများနဲ့ သွေးထွက်သံယိုဖြစ်စေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ နိုးဆော်လိုက်ပါတယ်။

မစ္စ Ashton ဟာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ယာယီဆိုင်းငံ့မယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ မစ္စ Ashton ၊ ဒေါ်စုနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ဟာ ရန်ကုန်မြို့ အင်းလျားမြိုင်လမ်းမှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အီးယူရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီရုံးရဲ့ လုပ်ငန်းတာဝန်က အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်းက ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို စီမံကြီးကြပ်ဖို့အပြင် နိုင်ငံရေး ကဏ္ဍလဲ ပါဝင်မှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ မစ္စ Ashton က သမ္မတနဲ့တွေ့တဲ့အခါ ရှေ့ဆက်သွားနေတဲ့ လမ်းစဉ်ကို ကြိုဆိုကြောင်း ပြောကြားမဲ့အပြင် အခုထက် ပိုမိုလုပ်​ဆောင်ဖို့ကိုလဲ အားပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကျမ်းကျိန်လွှာပါ စကားရပ် ပြင်ဆင်ပေးဖို့နဲ့ ပတ်သက်ပြီး ဒေါ်စုက မကြာခင်မှာ ပြေလည်ဖို့ မျှော်လင့်ကြောင်း ထပ်လောင်း ပြောကြားထားပါတယ်။ သတင်းထောက်တွေက အကယ်လို့ အာဏာရပါတီက ပြင်ဆင်ပေးဖို့ မထောက်ခံဘူးဆိုရင်ရောလို့ မေးမြန်းရာမှာ ဒေါ်စုက အခုအချိန်က ဒီအခြေအနေအထိ မရောက်သေးဘူး။ ဒီကိစ္စကို ဆွေးနွေးဖို့ စောပါသေးတယ်လို့ ဖြေကြားသွားပါတယ်။

ဒေါ်စုက ၁၉၈၈ ခုနှစ် မြန်မာပြည်ပြန်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဇွန်လထဲ နော်ဝေးနဲ့ ဗြိတိန်ကို ခရီးထွက်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့ အခုချိန်ထိတော့ နိုင်ငံကူးလက်မှတ် မကျလာသေးဘူးလို့ ဆိုပါတယ်။

Ref : AFP

No comments:

Post a Comment