Monday, April 2, 2012

Taiwan wants to boost relation with Myanmar


မြန်မာနိုင်ငံရဲ့ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ဟာ အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အခုတစ်ခေါက် ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လစ်လပ်နယ်မြေ ၄၅ ခုမှာ နေပြည်တော် ၄ နေရာအပါအဝင် နယ်မြေ ၄၀ မှာ အနိုင်ရသွားပြီဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုလိုက်ပါတယ်။ ကျန်တဲ့ ၄ နယ်မြေက ရလဒ်ကိုတော့ ရက်ပိုင်းအတွင်းမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အခုလို ငြိမ်းငြိမ်းအေးအေး ပြီးဆုံးသွားတာကို တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်ရဲ့ တရားဝင် နိုင်ငံတော်အမည်) နိုင်ငံခြားရေးဝန်ကြီးဌာနက ဂုဏ်ပြုကြိုဆိုကြောင်း ၃ ရက်နေ့က ပြောပါတယ်။ ဒါ့အပြင် တရုတ်သမ္မတနိုင်ငံက မြန်မာနိုင်ငံ အခုထက်ပိုမို တံခါးဖွင့်လာမှာကို ကြိုဆိုတဲ့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောက်တည်တဲ့အပိုင်းမှာ တစ်နည်းတစ်လမ်းက ကူညီနိုင်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်သမ္မတနိုင်ငံဟာ အာရှပစိဖိတ်ဒေသရဲ့ အဖွဲ့ဝင်တစ်နိုင်ငံဖြစ်တာမို့ အခုတခေါက် မြန်မာနိုင်ငံအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို ကြိုဆိုပါတယ်။ တရုတ်သမ္မတနိုင်ငံရဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ ဆက်ဆံရေး အတွေ့အကြုံတွေကို အခြေပြုပြီး မြန်မာနိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးရေး လုပ်ငန်းကဏ္ဍအပိုင်းမှာ သက်ဆိုင်ရာ အကူအညီတွေကို ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

တရုတ်သမ္မတနိုင်ငံကလည်း နောင်အနာဂတ်မှာ တန်းတူညီမျှတဲ့ အပြန်အလှန်အကျိုးပြုနိုင်တဲ့ အခြေခံပေါ်မှာ မူတည်ပြီး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးချဲ့နိုင်ဖို့ ဆန္ဒရှိကြောင်းလည်း ဖော်ပြထားပါတယ်။

Ref : RTI

No comments:

Post a Comment