Friday, May 4, 2012

Aussie, 97, becomes 'world's oldest graduate'


အသက် ၉၇ နှစ်ရွယ် ဩစတြေးလျ နိုင်ငံသား သွားကုဆရာဝန် အယ်လန် စတီးဝပ် (Allan Stewart) ဟာ တောင်ပိုင်း ခရော့စ် တက္ကသိုလ်ကနေ ကုသရေးဆိုင်ရာ သိပ္ပံမဟာဘွဲ့ကို ၄ ရက်နေ့မှာ လက်ခံယူလိုက်ပြီး ကမ္ဘာမှာ အသက်အရွယ်အကြီးဆုံး ဘွဲ့လက်ခံသူ ဖြစ်လာတော့မှာပါ။

မစ္စတာ စတီးဝပ်ဟာ ၂၀၀၆ ခုနှစ်မှာ အသက် ၉၁ နှစ်အရွယ်နဲ့ ဥပဒေဘွဲ့ကို ရရှိခဲ့စဉ်မှာ လက်ရှိ ဂျီးနက်စ်ကမ္ဘာ့စံချိန်ရဲ့ အသက်အရွယ်အကြီးဆုံး ဘွဲ့ရသူအဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဘယ်သူမှ ဒီစံချိန်ကို မချိုးနိုင်သေးပါဘူး။

ဆစ်ဒ်နီမြို့မြောက်ပိုင်းမှာ နေထိုင်တဲ့ စတီးဝပ်က သူ့မှာ အချိန်တွေများနေတော့ ဦးနှောက်ကို အနားမပေးချင်ဘူး။ ဒါပေမဲ့ ဒီဘွဲ့ယူပြီးရင်တော့ အနားယူနိုင်ပြီလို့ထင်ကြောင်း ပြောပါတယ်။

မစ္စတာ စတီးဝပ်ဟာ ဒီဘွဲ့ပါရင် ဘွဲ့ ၄ ခုကို ရထားပြီး ဖြစ်တယ်။ သူဟာ ၁၉၃၀ ပြည့်လွန်နှစ်အတွင်းမှာ တက္ကသိုလ် ပညာရေးကို စတင်ခဲ့ပါတယ်။ သွားကုဆရာဝန်အဖြစ် အချိန်ကြာ အသက်မွေးပြီးနောက် သွားခွဲစိတ်ကုသရေး ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး သူ ၈၀ အရွယ်မှာ ဥပဒေ ပညာကို ဆက်လက် ဆည်းပူးဖို့ ဆုံးဖြတ်ခဲ့တယ်။ ၆ နှစ်တက်ရမဲ့ ဥပဒေကျောင်းကို နွေရာသီမှာလဲ မနားပဲ လေးနှစ်ခွဲနဲ့ ကျောင်းပြီးခဲ့တယ်။

ပုံမှန်အချိန်ပိုတွေမှာ စတီးဝပ်ဟာ လမ်းလျှောက်တယ်၊ တရားထိုင်တယ်။ ဆေးပညာ စာအုပ်တွေနဲ့ မှုခင်းဝတ္ထုတွေကို ဖတ်လေ့ရှိပြီး ဦးနှောက်ကို အလုပ်ပေးလေ့ရှိတယ်လို့ ဆိုတယ်။ သူကလဲ သက်ကြီးရွယ်အိုတွေ ကျောင်းပြန်တက်ပြီး ဆက်လက် ဆည်းပူးဖို့ အားပေးပါတယ်။

သားသမီး ၆ ဦး၊ မြေး ၁၂ ဦးနဲ့ မြစ် ၆ ဦးရှိတဲ့ စတီးဝပ်က စိတ်စွမ်းအားကို တိုးမြှင့်ဖို့၊ မိတ်ဆွေသစ်ဖွဲ့ဖို့၊ ကိုယ့်ကိုကိုယ် စိန်ခေါ်ဖို့ ဘယ်တော့မှ နောက်မကျဘူးလို့ပြောပါတယ်။ 

Ref : AFP

No comments:

Post a Comment