Thursday, May 24, 2012

Suu Kyi to make landmark foreign trip next week


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာပြည် ပြန်ပြီးနောက် ၂၄ နှစ်တာ အတွင်း ပထမဦးဆုံးသော နိုင်ငံခြားခရီးစဉ်အဖြစ် နောက်အပတ်ထဲမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမဲ့ ကမ္ဘာ့စီးပွားရေးဖော်ရမ်ကို တက်ရောက်ဖို့ ရှိပါတယ်။

အန်အယ်လ်ဒီရဲ့ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဒေါ်စုဟာ ထိုင်းနိုင်ငံသွားပြီး ဖော်ရမ်ကို တက်ရောက်မှာ ဖြစ်တယ်လို့ ၂၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒေါ်စုဟာ ၂၈ ရက်နေ့မှာ ဘန်ကောက်ကို ရောက်ရှိမှာဖြစ်တယ်လို့ ပြောထားပေမဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

အစိုးရ အကြီးတန်းအရာရှိကြီးများ စီးပွားရေး လုပ်ငန်း ဦးဆောင်သူများ ပါဝင်တက်ရောက်မဲ့ ဒီဖော်ရမ်ကို မေ ၃၀ ကနေ ဇွန်လ ၁ ရက်နေ့အထိ ဘန်ကောက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလဲ ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ အစိုးရ အရာရှိတစ်ဦးက ဆိုပါတယ်။

နိုင်ငံကူး လက်မှတ်ရရှိထားပြီးဖြစ်တဲ့ ဒေါ်စုက ဥရောပကို သွားရောက်ဖို့ရှိပြီး ဇွန် ၁၄ ရက်နေ့ ဂျနီဗာရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းမှာ ဟောပြောမှာ ဖြစ်ပါတယ်။ ၁၆ ရက်နေ့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ၁၉၉၁ ခုနှစ်က ချီးမြှင့်ခံထားရတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုယ်တိုင်လက်ခံ ယူဖို့ရှိတဲ့အပြင် မိန့်ခွန်းပြောဦးမှာ ဖြစ်ပါတယ်။

နော်ဝေးကတဆင့် မိသားစုနဲ့အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ ဗြိတိန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့မှာ လွှတ်တော်သို့ သွားရောက် လည်ပတ်ကာ ဟောပြောမှာ ဖြစ်ပါတယ်။

စစ်အစိုးရဟောင်းလက်ထက်က ပြည်ဝင်ခွင့်ပြန်မပေးမှာ စိုးလို့ အမိမြေမှ တစ်ဖဝါးမှ မခွာခဲ့တဲ့ ဒေါ်စု အခုတခေါက် နိုင်ငံခြားကို စိတ်ချလက်ချ ထွက်ဖို့ စီစဉ်ထားတာကို ကြည့်ရင် လက်ရှိအစိုးရအပေါ် ယုံကြည်မှု ပိုရှိလာတယ်ဆိုတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ 

Ref : AFP, AP

No comments:

Post a Comment