Thursday, May 17, 2012

Myanmar holds first gay pride celebrations


မြန်မာနိုင်ငံမှာ ဒီကနေ့ ပထမဦးဆုံးသော လိင်တူချစ်သူများအဖြစ် ဂုဏ်ယူကြတဲ့ အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ ဒါဟာလဲ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ လူမှုရေး လွတ်လပ်တဲ့ လက္ခဏာ တစ်ရပ်ပါ။

ရန်ကုန်မြို့ ဟိုတယ်တစ်ခုမှာ ကျင်းပတဲ့ အခမ်းအနားကို လူ ၄၀၀ လောက် တက်ရောက်ကြပြီး နိုင်ငံတကာ လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှု ဆန့်ကျင်ရေးနေ့ (International Day against Homophobia and Trans-phobia) အထိန်းအမှတ်အနေနဲ့ ဂီတနဲ့ အကဖြေဖျော်မှုများ၊ ဟောပြောပွဲများ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

လိင်တူချစ်သူ မိတ်ကပ်သမား မင်းမင်းက ကိုယ့်နဲ့တူအုပ်စုနဲ့ အတူတက်ရောက်ခွင့်ရတာ ဝမ်းသာပါတယ်။ အရင်ကဆိုရင် ဒီလိုမလုပ်ရဲကြဘူး။ ဒီပွဲကျင်းပဖို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ရတာ။ ဒီနေ့တော့ တကယ်ဖြစ်မြောက်သွားပြီလို့ အေအက်ပ်ဖီကို ပြောပါတယ်။

ကိုလိုနီခေတ်က အတည်ပြုခဲ့တဲ့ ပြစ်မှုဆိုင်ရာ ကိုဒဥပဒေအရ မြန်မာနိုင်ငံမှာ လိင်တူသူအချင်းချင်း မေတ္တာမျှခြင်းကို ရာဇဝတ်မှုလို့ ယူဆပေမဲ့ တင်းတင်းကျပ်ကျပ် အရေးယူတာတော့ မရှိပါဘူး။ ဒါပေမဲ့ အာဏာပိုင်တွေက ဒီဥပဒေကို ခုတုံးလုပ်ပြီး ခွဲခြားဆက်ဆံတာမျိုး၊ ခြိမ်းခြောက်တာမျိုး ရှိနေတုန်းပဲလို့ လိင်တူချစ်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ရန်ကုန်အပါအဝင် မန္တလေး၊ ကျောက်ပန်းတောင်းနဲ့ မုံရွာမြို့တွေမှာ အလားတူ အခမ်းအနားတွေ ကျင်းပတယ်လို့ လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးမင်းက ပြောပါတယ်။ တခြား ပိုမိုလွတ်လပ်တဲ့ နိုင်ငံများမှာလိုတော့ စီတန်းလှည့်လည်ပွဲတွေ မပါပဲ ပြဇာတ်များ မှတ်တန်းတင်ရုပ်ရှင်များ ပြသခြင်း၊ ဂီတဖျော်ဖြေရေးနဲ့ စာပေဟောပြောပွဲတွေနဲ့ အထိန်းအမှတ်ပွဲ လုပ်တာ ဖြစ်ပါတယ်။

ကိုအောင်မျိုးမင်းက အရင်ကဆိုရင် ဒီလိုအခမ်းအနား တက်ရောက်တာကို အစိုးရကို ဆန့်ကျင်ဖို့ ဆန္ဒပြသူတွေလို့ အထင်ခံရတယ်။ ဒါပေမဲ့ အခုတော့ လိင်တူချစ်သူ အသိုင်းအဝိုင်း (lesbian, gay, bi-sexual and transgender, LGBT) က သူတို့ရဲ့ လိင်ခံယူမှုကို ပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ပြဖို့ သတ္တိရှိလာကြပြီလို့ ဆိုပါတယ်။

ကိုအောင်မျိုးမင်းကလဲ အခုလို နိုင်ငံတကာ အထိန်းအမှတ်နေ့မှာ ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူများအဖို့ အားဖြစ်စေတယ်လို့ ဆိုပြီး လိင်တူဆက်ဆံခြင်းကို ရာဇဝတ်မှုလို့ သတ်မှတ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းသင့်တယ်လို့ နိုးဆော်လိုက်ပါတယ်။ 

Ref : AFP

No comments:

Post a Comment